Saturday 13 January 2007

အချစ် ... နားလည်မှု

ငယ်ငယ်တုန်းက ချူချာတယ်လို့ အပြောခံခဲ့ဖူးတယ် . ခဏခဏ ဖျားတတ်လွန်းလို့ .. ကျွန်မဖျားတိုင်း ကျွန်မမိဘတွေ အိပ်ရေးပျက်ရတယ် . အသက်ကြီးလာတော့ အဲ့ဒီ ဖျားတတ်တဲ့အကျင့် တော်တော်လျော့သွားတယ် . ဒါပေမယ့် … ကျွန်မ ခု ဖျားနေတယ် . ၂ ရက်နေ့ကတည်းက စပြီး ဖျားတဲ့အဖျားဟာ ရက်သာကြာလာတယ် ကျွန်မဆီက ထွက်မသွားသေးဘူး . အားကုန်လိုက်တာ . တွိုက်ဖွိုက် ဖြစ်မှာစိုးလို့ အစာမာမာလည်း မစားရဲဘူး . ကျောင်းပျက်ရတဲ့ ရက်တွေလည်း များပြီ . အဖေက မေးတယ် . လျှာဖြူသလားတဲ့ . မဖြူဘူးလို့ပြောတော့ ဒါဆို မဖြစ်လောက်ပါဘူးတဲ့ . အမှန်တော့ ကျွန်မ ညာလိုက်တာ . လူကြီးတွေကို စိတ်မပူစေချင်ဘူး . မနက်ပိုင်းနဲ့ ညပိုင်းနဲ့ ရူးလောက်အောင် အဖျားတက်လာတာ ကျွန်မအသိဆုံးပဲ . ဒီကြားထဲ ခြိမ်းခြောက်စာတွေကလည်း လာသေးတယ် .

စဉ်းစားလို့ မရဘူး . သာမန် သမီးရည်းစား ပျက်တဲ့ကိစ္စဟာ မပြီးသေးဘူးလား . ကျွန်မ မိန်းမ တစ်ယောက်ဖြစ်တာတောင် ဒီလိုမျိုး လိုက်ကပ်ဖဲ့ လုပ်မိလိမ့်မယ် မထင်ဘူး . စကား ကောင်းကောင်း ပြောရင်လည်း ပြန်လက်ခံပါ . စကား ကောင်းကောင်း မပြောပြန်တော့လည်း မင်းက ဒီအချိုးလား ဒါဆို ရတယ်လေ ဆိုတဲ့ အက်စ်အမ်အက်စ်တွေ ၀င်လာတာ ဒီချိန်မှာ ကျွန်မ အတွက် အရမ်း စိတ်အနှောင့်အယှက် ဖြစ်တယ် .

ကျွန်မဟာ မမြင်ချင်ရင် မျက်စိ စုံမှိတ်ပြီး အသံတစ်လုံးမှ မထွက်တမ်း ကြိတ်မှိတ် နေတတ်တဲ့သူပါ . ခုတော့ မျက်လုံးကို အတင်းလာဖွင့်၊ ပါးစပ်က အသံ မထွက် ထွက်လာအောင် ညှင်းပန်းနေသလို ခံစားရတယ် . ကျွန်မ ငယ်ငယ်တုန်းက သေခါနီး တရိစ္ဆာန်လေးတွေကိုတောင် မြန်မြန် အသက်ထွက် သက်သာပါစေ ဆိုတဲ့စိတ်နဲ့ မသတ်ခဲ့ဘူး . သက်သာလို သက်သာငြား နည်းလမ်း ရှာပေးခဲ့ဖူးတယ် . ပြီးတော့ ဆုတောင်းမိတယ် . ညှင်းဆဲပြီး သတ်ခံရတဲ့လူ မဖြစ်ပါစေနဲ့လို့ .. ကျွန်မရဲ့ ဆုတောင်းကို မေ့လျော့နေတာလား . ဒါမှမဟုတ် ကျွန်မ မမှတ်မိတဲ့ အတိတ်ဘ၀မှာ ကျွန်မ သူများကို ဒီလို လုပ်ခဲ့မိသလား . ကျွန်မ မသိဘူး .

လူဆိုတာ မျက်စိနှစ်လုံး ပွင့်ကတည်းက စားဖို့ သွားဖို့ ၀တ်ဖို့ နေဖို့ အဲ့ဒီ ဖို့ ဖို့ ဖို့ တွေအတွက် ရုန်းကန်နေရတယ် . အဲ့ဒီလို ရုန်းကန်ရတာနဲ့တင် ကျွန်မမှာ ပင်ပန်းလှပြီ . သူများ စိတ်ဆင်းရဲအောင် ဘယ်လို ညှင်းဆဲရမလဲ . ဘယ်လို စကားလုံး ပစ်ရမလဲ . တတိတိ ဘယ်လို တိုက်စားရမလဲ ဆိုတာ ကျွန်မ မတွေးအားဘူး . ကျွန်မ အဲ့လောက် မအားတာ သေချာတယ် . တကယ်လို့ အားခဲ့ရင်လည်း ကျွန်မကတော့ ဒီလို အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို ပူလောင်စေမယ် မထင်ဘူး . ကျွန်မ ဘယ်လို ပျော်အောင်နေမလဲ . အိပ်ရေးဝအောင် အိပ်မလဲ . အစားဝင်အောင် စားမလဲ ဆိုတာပဲ တွေးမှာပဲ . ကျွန်မ စိတ်ကြည်လင်နေရင် သူများတွေကို ဘယ်လို ကူညီပေးရမလဲ . သူတို့ ပြောတဲ့စကား နားထောင်ပေးမလား . သူတို့ ငိုဖို့အတွက် ကိုယ့်ပခုံး ငှားပေးမလား . ဒါမှမဟုတ် လူကိုယ်တိုင် သွားပြီး နှစ်သိမ့်မလား . ဟုတ်တယ် . ကျွန်မဟာ စိတ်ကောင်းရှိသူ မဟုတ်ပါဘူး . ဒါပေမယ့် ကျွန်မ စိတ်ယုတ်မာသူတော့ မဖြစ်ချင်ပါ .

ကျွန်မ သူငယ်ချင်းက ပြောတယ် . ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်တယ်တဲ့ . ကျွန်မ ပြုံးမိတယ် . ကျွန်မက ခွေးတစ်ကောင်မှ မဟုတ်တာ . ကျွန်မက လူတစ်ယောက်ပါ . အသိဥာဏ် ရှိတဲ့ လူတစ်ယောက် ပြီးတော့ ဘ၀ ဆိုတာကို အချိုးအကွေ့တွေ မများဘူး ဆိုရင်တောင် သူများထက် မလျော့တဲ့ တစ်ဆစ်ချိုးပေါင်း များစွာနဲ့ ကျော်ဖြတ်ခဲ့ရတဲ့ လူတစ်ယောက် . အခြေအနေ တစ်ခုကိုရောက်ဖို့ ရုန်းကန်ရတာ၊ ကျော်ဖြတ်ရတာ၊ အင်အားသုံးရတာ ဒါတွေ ဒါတွေကို ကျွန်မ နားလည်တယ် . ဒါကြောင့်လည်း ကျွန်မ မျက်စိ စုံမှိတ်ပြီး ချောင်ထဲမှာ ထိုင်နေခဲ့တာပေါ့ . ငါကမှန်တယ် ဆိုတဲ့ စကားကို ကျွန်မ မသုံးပါဘူး . မှားခဲ့ပါတယ် . ဒါပေမယ့် ကျွန်မရဲ့ စိတ်ထဲမှာ သတ်မှတ်ထားတဲ့ ပြန်ဆပ်ရမယ့် ကြွေးတွေက ကုန်သွားပြီ . ရလေ လိုလေ အိုတစ္ဆေ ဆိုတဲ့စကား ကြားဖူးတယ် . ဒါပေမယ့်လည်း သူကလည်း တစ္ဆေတစ်ကောင်မှ မဟုတ်တာ .

ချစ်သူ ဆိုတာ ဘာလဲလို့ သူငယ်ချင်း တစ်ယောက်က မေးတယ် . နင့်မှာ အချစ်ရှိသလားတဲ့ . ငါ မသိဘူးလို့ ဖြေတော့ သူက မသိလို့ မရဘူး . သိရမယ်တဲ့ . အော် ဘယ့်နှယ့် ဇွတ်ကြီးပါလား . သူကရော သူ့ချစ်သူကို ဘယ်လိုအချစ်နဲ့ ချစ်သလဲ . သူ့ချစ်သူကို သူချစ်သလားလို့ ပြန်မမေးလိုက်ဘူး . ချစ်သူဆိုတာ ဘာလဲ ကျွန်မ တကယ် နားမလည်ဘူး . ဒါပေမယ့် ကျွန်မကို တစ်ယောက်က ပြောဖူးတဲ့ သူ့အချစ်ကို သဘောကျတယ် . ချစ်သူဆိုတာ တစ်ဦးကိုတစ်ဦး မပိုင်ဆိုင်ဘူး . နားလည်ပေးနိုင်ဖို့က အရေးအကြီးဆုံးပဲ . တစ်ဦးချင်းစီမှာ ရှိနေတဲ့ ပြဿနာတွေကို နှစ်ယောက်တူတူ ဖြေရှင်းတာပေါ့ . ဒါပေမယ့် နှစ်ယောက်ပေါင်းလို့ ဖြစ်လာမယ့် ပြဿနာမျိုးကိုတော့ အတတ်နိုင်ဆုံး တားဆီးကြမယ်လေ တဲ့ . တကယ် လက်တွေ့သာ ကျင့်သုံးနိုင်ရင် သူတို့ ၂ ယောက်ရဲ့ ချစ်သူဘ၀ဟာ စိတ်ဆင်းရဲစရာ နည်းလိမ့်မယ် ထင်တယ် .

တကယ်တော့ အချစ်ဟာ ပူလောင်ပါတယ် . အချစ်မှာ ဆန္ဒ ဆိုတာတွေ ပါတယ် . ရယူလိုမှု၊ ပိုင်ဆိုင်လိုမှု၊ လွှမ်းမိုးလိုမှု အများကြီးပဲ . သေချာစဉ်းစားရင် ဒါဟာ သူ့ကို ကိုယ်ချစ်တာမှ မဟုတ်တာ . ကိုယ့်ကိုယ်ကို ချစ်တာပဲလေ . ကိုယ့်ကိုယ်ကို အချစ်ကြီးလို့ သူ့ကိုချစ်တယ် ထင်မိတယ် . ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက် သူ့ကို ချုပ်နှောင်ထားချင်တယ် . နားလည်မှု ပေးလိုက်ရင်တော့ ကိုယ့်ရဲ့ ပူလောင်ခြင်းတွေ ငြိမ်းချမ်းသွားတယ် . သူ့ကို စိတ်ချမ်းသာစေချင်တယ် . သူ့ကို လိုက်လျောချင်လာတယ် . သူ ပြုံးနေတာမြင်ရင် ကိုယ်လည်း ပျော်တယ် . ဒါပေမယ့် အဲ့လို စိတ်ကို လူတိုင်း မထားပေးနိုင်ဘူး .. ကျွန်မရော .. ကျွန်မ ကြိုးစားနေတယ် . ၃ ပုံ ပုံ ၁ ပုံတော့ အောင်မြင်တယ် ထင်ပါတယ် . အဲ့ဒီ ၁ ပုံလေးတင် ကျွန်မ တော်တော် စိတ်ချမ်းသာတယ် . တော်တော် နေလို့ ကောင်းသွားတယ် . ဘယ်သူ မဆိုပါ . ကိုယ်ချစ်တဲ့ လူတွေအပေါ် ဘာပြန်ရမှ ဆိုတဲ့ စိတ်မထားဘဲ ကိုယ့်ဘက်က စိတ်ရှင်းရှင်းနဲ့ ချစ်လိုက်ရင် အရမ်းကို နေလို့ ကောင်းသွားမှာပါ .