Friday 27 March 2009

အိမ်ရှင်မ

အခုတလော ကျန်းမာရေး မကောင်းပါသဖြင့် ဘလောခ့် မရေးနိုင်ဘူး ဖြစ်နေတယ် . ဘယ်လိုဖြစ်တယ် မသိဘူး တရှောင်ရှောင်နဲ့ ဟိုက ဖြစ်လိုက် ဒီက ဖြစ်လိုက်နဲ့ ..

ဒီနေ့ ဆိုရင် အမ်စီ ယူပြီး အိပ်နေလိုက်တာ ခုမှ နိုးတော့တယ် . အိပ်ရေးတော့ တော်တော် ၀ သွားတယ် .

အခုတလော ကြည့်ဖြစ်နေတဲ့ ရုပ်ရှင်ကား တစ်ကားရှိတယ် . စလုံး ချန်နယ်က လာတာပေါ့လေ . Housewives holiday ဆိုတဲ့ ကားကလေး . အိမ်ထောင်ရှင်မတွေရဲ့  အကြောင်းကို ဟာသလေးတွေပါ ပါအောင် ရိုက်ထားတာပေါ့. သူတို့ မှာ မိသားစု အတွက် ကလေးအတွက်နဲ့  မအားရပေမယ့် ယောက်ျားတွေကတော့ အသီးသီး နောက်ကွယ်မှာ ကျိတ်ပုန်းခုတ်နေတာလေးတွေပေါ့လေ .

ကျွန်မ ကြည့်ပြီး စဉ်းစားမိတယ် . ရုပ်ရှင်ထဲမှာမို့ လို့ လားတော့ မသိဘူးပေါ့လေ . သူတို့ တွေမှာ မနက်ပိုင်း ဈေးဝယ်ရင်း အပြင်မှာ ကော်ဖီသောက် မနက်စာ တစ်ခုခုစား စကားထိုင်ပြောပြီးမှ အိမ်ပြန် ချက်ပြုတ်တယ်ပေါ့နော် . ကျွန်မတို့ နိုင်ငံက အိမ်ရှင်မတွေများတော့ မိုးလင်းရင် ဖုတ်ပူမီးတိုက် ဈေးဝယ် ၊ ပြီးရင် အိမ်ကို အပြေးပြန်လာပြီး လူကြီး အတွက် ကလေးအတွက် ထမင်းဗူးကို ပြင်ရတယ် . မနက်စာကိုတောင် ဟင်းချက်ရင်း တန်းလန်း မိုးတိုး မတ်တပ် နဲ့ ပဲ စားလိုက်ရတာ .

ပြီးရင်လည်း အိမ်ရှိ လူကုန် အကုန်ထွက်သွားပြီးဆိုရင် အိမ်ရှေ့  အိမ်နောက် အကုန် သန့် ရှင်းရေးလုပ်ရတယ် ၊ အ၀တ်လျှော် မီးပူတိုက် စတာတွေလဲ လုပ်ရတယ် . ညနေစာ အတွက်လည်း ပြင်ဆင်ချက်ပြုတ်ရပြန်တယ် . ဒါတင်ပဲလား ဆိုတော့လည်း မဟုတ်ဘူး . တခါတလေ စက်ချုပ် လက်ချုပ်အပြင် လူမှုရေးတွေမှာလဲ ပါရသေးတယ် .

အိမ်ထောင်ရှင်မ တွေရဲ့  အခန်း ကဏ္ဍ ဟာ တကယ်တော့ သိပ်အရေးကြီးပါတယ် . အိမ်မှာနေရတာပဲ ဆိုပြီး သက်တောင့် သက်သာ ဖြစ်နေတယ်လို့ တော့ မထင်လိုက်ပါနဲ့  . မိုးလင်း က မိုးချုပ် တလှုပ်လှုပ် နဲ့  လုပ်နေရတာ . ညနေပိုင်း အိမ်သားတွေ ပြန်လာပြီဆိုရင်လည်း ကိုယ်စီ ကိုယ်စီက အပြင်မှာ တွေ့ ခဲ့ရတာတွေကိုပဲ အလုပ်လို့ သတ်မှတ်ပြီး ကိုယ်သက်သာရာ ရှာကြတယ် . အိမ်ရှင်မတွေရဲ့  ခံစားချက်ကို နားလည်ပေးပြီး ကူညီပေးတယ်ဆိုတဲ့လူ တကယ်ရှားပါတယ် .

ဒီကြားထဲ သားသမီးတွေရဲ့ ပညာရေး နဲ့ လူမှုရေး တစ်ခုခု အလွဲအချော် ဖြစ်ရင် အိမ်ထောင်ဦးစီးနဲ့  တခြားလူတွေက လက်ညိုးထိုး အပြစ်တင်တာ ခံရတတ်သေးတယ် . အိမ်ထောင်ဦးစီးက နားလည်မှု ပေးတတ်သူဆိုရင်တော့ သက်သာရာ ရတာပေါ့လေ .

ဒါတွေဟာ ကျွန်မတို့ နိုင်ငံက အိမ်ရှင်မ ( အားလုံးကို မဆိုလိုပါ ) များ၏ ဘ၀ တွေပါပဲ .

Monday 16 March 2009

ပန်းပွင့်တွေ နှင့် ....

ကျွန်မ မှတ်မိသလောက် ကျွန်မတို့ အိမ် ပတ်ပတ်လည်မှာ ပန်းပင်တွေ အများကြီး ရှိတယ် . မှတ်မိသလောက်ပြောရရင် စံပယ် ၊ ဇီဇ၀ါ ၊ ဆောင်တော်ကူး ၊ ဆိပ်ဖလူး ၊ ကံ့ကော် ၊ သနပ်ခါးပန်း ၊ ပိန်းပန်း အစုံပဲ . အများစုကတော့ ပိန်းပန်းပင်တွေပေါ့ . လက်ညိုးထိုး မလွဲဘူး . နောက် ဒုတိယ အများဆုံးက ရွက်လှပင်ပါ . ရွက်လှပင်ကို ရှည်ရှည်တမျိုး ၊ တိုတိုတဖုံ ၊ အရွက်ကားကား ၊ အရွက်စုစု ၊ အရွက်နီနီ ၊ စိမ်းစိမ်း ၊ ၀ါဝါ အစုံပါပဲ .

ကျွန်မကတော့ စံပယ် နဲ့  ဇီဇ၀ါ ပန်းခြုံနားကို ခဏ ခဏ သွားဖြစ်တယ်. ကြိုက်တာကတော့ စံပယ်ပါ . ဒါပေမယ့် ဇီဇ၀ါ ပင်က ရောကာ ယှက်ကာ ပါနေတော့ ရှောင်လို့ မရဘူးပေါ့ . ပြီးတော့ နောက်ထပ်ရှောင်မရ အသည်းတယားယား ရှိရတာက ဇီဇ၀ါ ပင်ရဲ့  အရွက်တွေမှာ ကပ်နေတတ်တဲ့ ဘောက်ဖတ်တွေကိုပါ . ပန်းကလေး လှလို့ ခူးလိုက်ရင် ဘောက်ဖတ်ကြီး ပါပါလာပြီး ကျွန်မမှာ ကြက်သီးတွေထ ၊ ပန်းကိုပစ်ချပြီး ဆွေ့  ဆွေ့ ကို ခုန်နေတော့တာပဲ .

ကျွန်မ ဆိပ်ဖလူး ပန်းပင်ကိုလဲ အရမ်းကြိုက်ပါတယ် . သူ ပွင့်ရမယ့် ရာသီချိန် ရောက်လာပြီဆိုရင် အိမ်ရှေ့ က ပန်းရနံ့ ဟာ ကျွန်မတို့ အိမ်ခန်းထဲထိကို ရောက်လာပါတယ် . လိမ္မော်ရောင် ရိုးတံပေါ်မှာ ဖြူလွလွ ပွင့်ဖတ်လေးတွေဟာ သိပ်ကို ပနံသင့်လှပါတယ် . သဘာဝကပေးထားတဲ့ အလှတရား ၊ တခါတရံ နှင်းစက်ကလေး စိုစို နဲ့  သူ့ ခမျာ ချမ်းနေရှာမှာတောင် စိုးရိမ်မိပါရဲ့ ..

ပန်းပွင့်ချိန်ဆို မနက်စောစောထ ကျောင်းမသွားခင် ပန်းကောက်ရင်း ဆောင်တော်ကူးပန်းတွေလည်း တပါတည်း ခူးလို့ ရနေတတ်ပါတယ် . ဆောင်တော်ကူးပန်းရဲ့  ရနံ့ ကတော့ မခံနိုင်လောက်အောင် မွှေးတာပါပဲ . ကျွန်မကပဲ အမွှေးနံ့ စူးလွန်းလို့ မခံနိုင်တာ ဖြစ်ပါလိမ့်မယ် . အဲ့ဒါပေမယ့် ညပိုင်း လေသင့်တိုင်း အိမ်ခန်းထဲထိ ရောက်လာတတ်တဲ့ ဆောင်တော်ကူး ရနံ့ ကိုတော့ကျွန်မ ချစ်ပါတယ် .

ကံ့ကော်ပန်းကိုတော့ ပန်းမပွင့်ခင်က ကျွန်မ မကြိုက်ပါဘူး . သူ့ ရဲ့ အလှကို သေချာ မခံစားမိသေးတဲ့ အချိန်ဆိုတော့ တက္ကသိုလ် ရဲ့  အမှတ်တရ ပုံရိပ်တစ်ခုအဖြစ်သာ ထင်မှတ်ခဲ့ပါတယ် . ဒါပေမယ့် အိမ်က အပင်မှာ ပန်းပွင့်လို့  ပန်းပွင့်ကလေးကို အနီးကပ် မြင်လိုက်ရချိန်ကျမှ ကံ့ကော်ပန်းရဲ့ ရနံ့  နဲ့  အလှကို ကျွန်မ ကောင်းကောင်းကြီး ခံစားတတ်ခဲ့ပါတယ် .

ဝတ်မှုံနူးနူးညံ့ညံ့လေးတွေကို ၀န်းရံထားတဲ့ ဖြူလွလွ ပွင့်ဖတ်လေးတွေ ၊ ရင်ထဲ စွဲသွားလောက်အောင် သင်းသင်းလေး မွှေးတဲ့ ရနံ့ နဲ့  ပန်းပွင့်လေးနဲ့ မလိုက်အောင် အနည်းငယ် တောင့်တောင့်နိုင်သော ၊ ခပ်ထန်ထန် အထိအတွေ့ ရှိသော ကံ့ကော်ရွက်ဟာ ကျွန်မ အာရုံထဲကို အမြဲတမ်း တိုးဝင်လာတတ်ပါတယ်..

ခုအချိန်တွေးနေရင်းနဲ့ တောင် ကျွန်မ မှာကံ့ကော်ရနံ့ ရသလိုလို ၊ ဆိပ်ဖလူး ပန်းလေးတွေပဲ ကျွန်မနားကြွေကျလာသလိုလို ၊ ပွင့်လွှာ သုံးထပ် ရှိတဲ့ စံပယ်ပန်း အေးအေးလေး ရဲ့  လန်းဆန်း အေးမြတဲ့ အထိအတွေ့ လေးကိုပဲ ခံစားမိသလိုလို နဲ့  ကျွန်မ ဟာ ဟိုး.. အဝေးကြီးက ပန်းပင်တွေနားကို ရောက်ရှိသွားခဲ့ပါတယ် .

Saturday 14 March 2009

ငယ်တုန်းက ကျွန်မ .

ကျွန်မ ခုတလော မြန်မာစာ တွေ စားချင်နေမိတယ် . မြန်မာစာ ဆိုတာက မြန်မာမုန့် တွေကိုပြောတာပါ .

ကလေးတုန်းက ရပ်ကွက်ထဲတွေမှာ အထမ်းနဲ့ လိုက်ရောင်းတဲ့ အသည်တွေ ရှိသေးတယ် . နေ့ ခင်းဆိုရင် ပြောင်းဖူးပြုတ် ၊ ဒိန်ချဉ် ၊ ကောက်ညှင်းပေါင်း ၊ မုန့် ကြာစိ မုန့် ကျွဲသည်း ၊ မုန့် စိမ်းပေါင်း ၊ မုန့် လက်ကောက် အစရှိသဖြင့် အမျိုးစုံ လာလာရောင်းတယ် . ကျွန်မ တို့ အိမ်က အားပေးနေကြ မုန့် သည်ကတော့ ကောက်ညှင်းပေါင်း ၊ ဒိန်ချဉ် ၊ မုန့် ကြာစိ ၊ ပြောင်းဖူးပြုတ်ပါ . အိမ်မှာက ဖွားဖွား ရှိတဲ့ အချိန်တွေဆိုရင် ပိုပြီးစားရတယ်. ဖွားဖွားက တရားရိပ်သာ မှာပဲ နေတတ်ပြီး တစ်လမှ တခါလောက် အိမ်ပြန်လာတတ်သူပါ . ဖွားဖွား ပြန်လာချိန်ဆိုရင်တော့ ကျွန်မ ဗိုက်ကားတဲ့ အချိန်ပါပဲ . အခြားနေ့ တွေဆိုရင် မေမေ က တစ်နေ့ မှ တစ်မျိုးပဲ ၀ယ်ကျွေးပါတယ် . ဒါပေမယ့် ဖွားဖွားရှိတဲ့ အချိန်ဆိုရင်တော့ ဖွားဖွားစားသမျှ ကျွန်မက ကပ်စားလို့ ရနေတာကိုး .

အဲ့ဒီတုန်းက ဒိန်ချဉ်သည် အမကြီးက ကလေး ၂ ယောက် အမေ ၊ အသားညိုညို ပိန်ပိန်ကလေးပါ . သူက အမျိုးသမီးရောဂါရလို့ ဗိုက်ခွဲထားရသူ ၊ သူ့ ဆီက ဒိန်ချဉ်ဝယ်ရင် ကျွန်မ တို့ က အိုးကလေး တွေနဲ့ ကို ၀ယ်တတ်ပါတယ် . ဒါဆိုရင် သူက အဲ့ဒီ အိုးကလေးကို ဖွင့် အိုးအကြီးကြီးထဲက ဒိန်ချဉ်အချို့ အဆစ်ထည့်ပေးတတ်ပါသေးတယ် . ပြီးတော့ ကျွန်မက ထန်းလျက်ရည် များများ နဲ့ ချိုချိုလေး စားတတ်တဲ့ အတွက် ထန်းလျက်ရည်ကိုလဲ အမြဲ ပိုပေးတတ်ပါသေးတယ် . မေမေက သူမကို သနားလို့  တခါတရံ ကျွန်မ မတော်တော့တဲ့ အင်္ကျီ အဟောင်းလေးတွေ ၊ မေမေ မ၀တ်တော့တဲ့ အင်္ကျီ လုံချည် အဟောင်းလေးတွေကို သူမ အတွက်ဆိုပြီး စုစုထားပြီးပေးတတ်ပါသေးတယ် .

ကောက်ညှင်းပေါင်းသည် အဖွားကြီးကတော့ ဖွားဖွားနဲ့ ဆိုအသက် ၁၀ စု နှစ်တစ်ခုလောက်ကွာမယ် ထင်ပါတယ် . ဖွားဖွားနဲ့ စကားလက်စုံ ကျတတ်သူလဲ ဖြစ်ပါတယ် . သူတို့ က အဲ့ဒီအချိန်က မြို့ အစွန် ( ဒဂုံမြို့ သစ်လို နေရာမျိုးလားမသိ ဒါပေမယ့် အဲ့အချိန်က အဲ့လောက် လူမများသေး ) မှလာပြီး ကောက်ညှင်းပေါင်းရောင်းရတဲ့သူပါ . ရောင်းတဲ့ ကောက်ညှင်းပေါင်းဟာ အင်မတန်မှ စားကောင်းပြီး ကောက်ညှင်းသားလဲ နူးညံ့ပါတယ် . တခါတရံ ထိုအဖွားလာမရောင်းတဲ့ နေ့ မျိုးဆိုလျှင် အဖွား ၏ သမီးကြီး အပျိုကြီး က လာရောင်းတတ်ပါတယ် . သားအမိ နှစ်ယောက်စလုံး စိတ်ထားကောင်းပြီး ဈေးရောင်းတာ စေတနာ ပါသူများပါ . ကျွန်မတို့ အိမ်သားတွေက မြစ်ဝကျွန်းပေါ်ဘက်မှ လာသူများဆိုတော့ ငါးခြောက် ဆိုတာ အိမ်မှာပြတ်တယ် မရှိပါဘူး . ငါးရံ့ ခြောက် ၊ ငါးဖုတ်ပြားခြောက် ဆိုတာတွေကို ကြိုက်လဲ အလွန်ကြိုက်ကြပါတယ် . ကောက်ညှင်းပေါင်းပူပူလေးကို အိမ်မှာ အရံသင့်ရှိတဲ့ ငါးရံ့ ခြောက်ဖုတ် ဆီရွှဲရွဲလေးနဲ့ လွေးလိုက်ရရင်ဖြင့်... အခုပြန်တွေးရင်နဲ့ တောင် စားချင်လာပါပြီ . တခါတလေ မေမေက ငါးကျည်းကို ကြွတ်ကြွတ်လေး ကြော်ထားပြီး ကောက်ညှင်းပေါင်းနဲ့  တွဲစားတတ်ပါသေးတယ် . သောက်စရာကတော့ ရေနွေးကြမ်း သို့ မဟုတ် ကော်ဖီပေါ့လေ .

မုန့် လက်ကောက်သည် အမကြီးကိုတော့ အင်မတန် စကားများပြီး အတောင်းအရမ်းထူတတ်သူ အဖြစ် ကျွန်မ မှတ်မိနေပါတယ်. သူ့ ကို မေမေက သနားလို့ တစ်ခုပေးရင် သူက သူ့ မျက်စိဖြင့် မြင်နေရသော တချို့ ပစ္စည်းလေးများကို လက်ညိုးထိုးပြီး တောင်းတတ်ပါသေးတယ် . မေမေက တခါတရံ စိတ်တိုလာပြီဆိုရင် မျက်ခုံးလေး ကျုံ့ ရင်း ဒါ လက်ရှိသုံးနေတာဆိုပြီး စကားဖြတ်တတ်ပါတယ် . သူ့ ရဲ့ မုန့် လက်ကောက်ဟာလဲ စားလို့ အရမ်းကောင်းပါတယ် . မုန့် လက်ကောက်တစ်ကွင်း ဟာ ကျွန်မ လက်ထည့်လိုက်ရင်တော်တော်ကြီးကို ချောင်နေပါသေးတယ် . မုန့် နှစ်အထဲမှာ အပြည့်ပါတဲ့ ယခုခေတ်မုန့် လက်ကောက်များလို အထဲမှာ အခေါင်းပေါက်မဟုတ်တဲ့ မုန့် လက်ကောက်ကို ကျွန်မရော ဖွားဖွားရော အင်မတန် ကြိုက်ပါတယ် . ဒါပေမယ့် သူ့ မုန့် လက်ကောက်နဲ့ သူ ပေးတဲ့ ထန်းလျက်ရည် ကျွန်မ ဘယ်တော့မှ မလောက်ပါဘူး . ကျွန်မကပဲ ထန်းလျက်ရည်ကို အလွန်အကျွံကြိုက်တာ ဖြစ်ပါလိမ့်မယ် .

ပြောင်းဖူးပြုတ်ရောင်းသူ အဒေါ်ကြီးကတော့ ထောင်ထောင်မောင်းမောင်း ၀၀ဖိုင့်ဖိုင့်ကြီးပါ . နေပူထဲ ဈေးတောင်းခေါင်းရွက်သွားနေရသူဆိုပေမယ့် သူမ အသားအရည်ဟာ အရမ်းကြီးညိုမနေပါဘူး . သူ့ ရဲ့ ပြောင်းဖူးပြုတ်တောင်းကြီးကို ဖွင့်လိုက်ရင် အထဲမှာ ပူပူနွေးနွေး ပလို့ ပြောင်း ( မှန်ရဲ့ လားမသိ ) ၊ သကြားပြောင်း အစရှိသဖြင့် ပါလာတတ်ပါတယ် . ကျွန်မ မေမေနဲ့ ဖွားဖွားက အညိုရောင် ပြောင်းဖူးမျိုးကို ကြိုက်ပြီး ကျွန်မကတော့ သကြားပြောင်းမှ သကြားပြောင်းပါပဲ . အညိုရောင်ပြောင်းဖူးကို ကျွေးလျှင် သွားကြားညှပ်လို့ ကျွန်မ မစားတတ်ပါ . အခု အရွယ်ထိ ကျွန်မ မစားတတ်သေးပါ . သကြားပြောင်းလို့ ခေါ်တဲ့ အ၀ါရောင် လှလှ စီစီရီရီ ပြောင်းဖူးလေးတွေကိုပဲ ကျွန်မ နှစ်ခြိုက်စွာ စားသုံးနေတုန်းပါ . သူရွေးပေးတဲ့ အဖူးကို ဘယ်အဖူးရွေးရမှန်းမသိ ဗျာများနေတတ်တဲ့ ကျွန်မကို အဒေါ်ကြီးက ပြောင်းဖူးစေ့လေး တစ်စေ့စီ ချွေပေးပြီး စားကြည့်ခိုင်း စိတ်ကြိုက်ရွေးခိုင်းပါတယ် . ကလေးဆိုပြီး ဒါယူလို့ ထိုးပေးတာမျိုး မလုပ်ခဲ့ပါ .

ကျန်တဲ့ မုန့် သည်တွေကတော့ သိပ်ပြီး ခဏ ခဏ ၀ယ်စားလေ့မရှိပါ . စားဖြစ်ခဲ့ရင်လည်း အရမ်းကြီး မရင်းနှီးတဲ့ အတွက် ကျွန်မ မမှတ်မိနေပါဘူး . မှတ်မိနေတဲ့ အသည် နောက်တစ်ယောက်ကတော့ ခေါင်းလျှော်ရည်ရောင်းတဲ့ သားအမိပါ .

ကျွန်မတို့ ရပ်ကွက်ထဲကို တနင်္ဂနွေမနက် ၁၀ နာ၇ီ ပတ်ဝန်းကျင်လောက်ဆိုရင် တရော် ကင်ပွန်း ခေါင်းလျှော်ရည်ရောင်းတဲ့ အဖွားတို့ သားအမိလာပါတယ် . အဖွားက ကျွန်မ ဖွားဖွားနဲ့ အရွယ်တူပါပဲ . သူ့ သမီး ဆိုသူ အကြောင်းကို ကျွန်မမမှတ်မိတော့ပါဘူး . ဒါပေမယ့် အဲ့ဒီအချိန်က အသက် ၇၀ ကျော်နေပြီ ဖြစ်တဲ့ ဖွားဖွား နဲ့ ခေါင်းလျှော်ရည်သည် ဖွားဖွားနဲ့ ကို ယှဉ်ကြည့်ပြီး ကျွန်မ ခံစားရပါတယ် . ခေါင်းပေါ်မှာ အလေးအပင်ကြီး ထမ်းထားပြီး တစ်လမ်းဝင် တစ်လမ်းထွက် ၀မ်းစာအတွက် ခေါင်းလျှော်ရည်လိုက်ရောင်းရတဲ့ ကိုယ့်အဖွားနဲ့ ရွယ်တူ အဖွားကြီး ၊ ကျွန်မတို့ အိမ်ရှေ့ မှာ သူ့ အထမ်းကြီးချပြီး ခဏ နားရင်း ၀ယ်သူတွေကို ရောင်းနေတဲ့ သူ့ မျက်နှာမှာ မောပန်းခြင်း ၊ စိတ်ရှုပ်ထွေးခြင်း သောကတွေကို ငယ်သေးတဲ့ ကျွန်မ မဖတ်တတ်ခဲ့ပေမယ့် မှေးမှိန်နေတဲ့ မျက်ဝန်းရယ် ၊ စို့ နေတဲ့ ချွေးတွေရယ် ၊ မောပန်းစွာ အသက်ရှူနေတဲ့ ဖွားဖွားနဲ့ အသက်တူ သူမ ကို ကြည့်ပြီး ကျွန်မ ၀မ်းနည်းခဲ့ဖူးတယ် . ကျွန်မ အမြဲတမ်း သူ့ ဆီက ခေါင်းလျှော်ရည် ရယ် အုန်းဆီ ရယ် ကျွန်မ တို့ တစ်အိမ်လုံး သုံးဖို့  ၀ယ်ပေးရတယ် . တခါတလေတော့လည်း ကျွန်မ နဲ့ တူတူ မေမေ ပါ လိုက်ထွက်လာတတ်တယ် .

ခုဆိုရင် သူတို့ တွေ ရှိသေးလား ၊ တခြား အလုပ်ပဲ ပြောင်းလုပ်နေသလား ၊ ဒါမှမဟုတ် ကျွန်မ အငယ်တုန်းကလို ခုချိန်ထိ ခေါင်းရွက်ဈေးသည် အဖြစ်နဲ့  တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရောင်းနေတုန်းပဲလား . ကျွန်မရဲ့ မေးခွန်းတွေကို ကျွန်မ ကို ဖြေပေးမယ့်လူ မရှိဘူး .

Friday 13 March 2009

နှစ်ဦး အကြို .

တမြန်နေ့ က အလုပ်သွားဖို့ တိုက်ထဲက အထွက်မှာ ကိုယ်နဲ့ ရင်းနှီးတဲ့ ရနံ့ တမျိုး တိုးဝင်လာတယ် . လူက အရမ်း အလျင်လိုနေတာရယ် ၊ ပတ်ဝန်းကျင်က သဲသဲကွဲကွဲ မမြင်နိုင်သေးတာရယ်ကြောင့် သေသေချာချာ စဉ်းစားမနေနိုင်ဘဲ ရုံးကားစောင့်နေတဲ့ နေရာကို ဆက်လျှောက်သွားလိုက်တယ် .

ရုံးကအပြန် လမ်းအကူးမှာပဲ မနက်က ရနံ့ က ထပ်ပြီး တိုးဝင်လာတယ် . ပြီးတော့ ကားတစ်စင်း ဖြတ်သွားတိုင်း အ၀ါရောင် ပန်းကြွေတွေက လေရဲ့ နောက်ကို ဝှေ့ ကာ ၀ိုက်ကာ လိုက်သွားကြတယ် .

ဒါ ဘာရနံ့ ပါလိမ့်လို့ သိလိုက်ရချိန်မှာ ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားတယ် . ပြီးတော့ ပျော်သွားတယ် . ချက်ချင်းလိုပဲ ၀မ်းနည်းခြင်းကိုပါတခါတည်း ခံစားလိုက်ရတယ် . ကျွန်မတို့ ရဲ့ နှစ်သစ်ကူး ရှေ့ ပြေး အကြို ၊ ကျွန်မတို့ မိန်းခလေးတွေရဲ့ ဆံကေသာထက်မှာ တစ်နှစ်မှ တစ်ခါသာ ပန်ခွင့်ရတဲ့ ပိတောက်ပန်းတွေပါလား . ပိတောက်ပွင့်ပြီဆိုတာ သိရတော့ နှစ်သစ်ကူး သင်္ကြန်ပွဲတော်လာတော့မယ်ဆိုတာကို တွေးပြီး ရင်ခုန် လှုပ်ရှားသွားရတယ် . ဒါပေမယ့် ကျွန်မ က ကျွန်မတို့ နိုင်ငံမှာ မဟုတ်ပြန်ဘူးလေ .

ဒီနှစ်ပါနဲ့ ဆိုရင် သင်္ကြန်မှာ ပွဲတော်ကို ပါဝင်ခွင့် မရတာ ၄ နှစ်ပြည့်သွားပြီ. လွမ်းတယ် သင်္ကြန်ရယ် ..

Friday 6 March 2009

ကျောင်းတက်ချိန်

အရိုးရဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ပြီးတဲ့ ခဏ မှာ ကျွန်မရဲ့ စိတ်အစဉ်ဟာလည်း လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလဆီသို့ ရောက်ရှိသွားခဲ့တယ် .

အဲ့ဒီတုန်းက ကျွန်မဟာ ပွင့်သစ်စ ပန်းကလေးလိုပါပဲ . ဥယျာဉ်မှူး ဖေဖေ မေမေ တို့ ရဲ့ ရေလောင်းပေါင်းသင်ပေးမှု နဲ့ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းကလေးဟာ အဖူးအငုံ ဘ၀ကနေပြီး ခုတော့ ပန်းကလေး တစ်ပွင့်အဖြစ်နဲ့ လှပသော ပန်းကလေးတွေအများကြီး ရှိရာ ပန်းခြံကြီးတစ်ခုထဲ ရောက်သွားခဲ့ပါတယ် .

တကယ်တော့ လူငယ်တစ်ယောက်အတွက် တက္ကသိုလ် နေ့ ရက်တွေ ဆိုတာ အရမ်းကိုပျော်စရာကောင်းပါတယ် . ကျွန်မက ရိုးရိုးမေဂျာကိုပဲ တက်ခဲ့ရသူဆိုတော့ ကျွန်မအတွက် စာကျက်ရတဲ့အလုပ်ဟာ အထက်တန်းကျောင်းကစာကို ကျက်ရတာလောက်တောင် မပင်ပန်းပါဘူး . နောက်ပြီး တချို့ ဘာသာတွေဆိုရင် ကျက်စရာမလိုဘဲ အကြောင်းအရာ သဘောတရားကိုနားလည်အောင်မှတ်သားပြီး ကိုယ့်နားလည်သလိုပြန်ချရေးလို့ ရတဲ့အတွက်ပိုလို့ တောင် စာ မပိပါသေးတယ် .

မိုးလင်းရင် ကျောင်းဝတ်စုံ မဟုတ်ဘဲ ကိုယ်ဝတ်ချင်ရာ အမြင်တင့်တယ်သော အ၀တ်အစားမျိုးကို ၀တ်သွားလို့ ရတာကလည်း စိတ်ကို အပြောင်းအလဲ တစ်ခုဖြစ်စေပါတယ် .

ကျောင်းမှာ သူငယ်ချင်းတွေစုမိရင် အတန်းတက် ၊ မတက်ချင်ရင် ကန်တင်းသွား ၊ မသွားချင်ရင် ကျောင်းပတ် ၊ မပတ်ချင်ရင် အေးအေးလူလူ ထိုင်ပြီး စာတိုင်ပင် တခါတလေတော့လည်း ရောက်တတ်ရာရာ ပေါက်ကရ ရှစ်သောင်း အစားအသောက်အကြောင်းလဲ ပါရဲ့ ၊ အ၀တ်အစား အကြောင်းလဲ ပါရဲ့ ၊ မင်းသား မင်းသမီး အကြောင်းလဲ ပါရဲ့  ၊ သရဲ ဗေဒင် သတင်း အတင်း အစုံပလုံ ပါးစပ်က အမြုပ်ထွက်မတတ် လုပြီး ပြောရတာလဲ အရမ်းကို ပျော်စရာကောင်းတဲ့ အချိန်လေးတွေပါပဲ . အဲ့ဒီလိုမှ အားမရသေးရင် ကျောင်းနဲ့ အနီးဆုံး သူငယ်ချင်း အိမ်ကိုသွားပြီး ကြာဇံချက် ၊ ကြေးအိုး ၊ ဆီချက် ၊ ကော်ရည်ခေါက်ဆွဲ တစ်ခု မဟုတ် တစ်ခု ချက်စားပြီး စာမလုပ်ဘဲ အခန်းအောင်း ဟေးလေးဝါးလား လုပ်နေရင်လဲ လူကြီးတွေက မဆူကြပါဘူး . အချိန်တန်လို့ အတန်းတက်ရင်ပြီးရောဆိုပြီး လွှတ်ထားပေးတာပဲ .

တခါတလေ အခြားမေဂျာက ကိုယ့်ကိုလာရစ်တဲ့ ကောင်လေးတွေကို မသိချင်ယောင်ဆောင် ပဲပေး အတန်းထဲ လက်ချာ လိုက်နေချင်ယောင်ဆောင်ရတာလဲ အခုအချိန်မှာ ပြန်တွေးရင် တော်တော် ရီစရာကောင်းပါတယ် . ကန်တင်းတကာ လိုက်ထိုင် ကောင်လေးတွေက ကြောင်ရင် ကိုယ့်မေဂျာအမှန်ကို မပြောဘဲ အကြောင်ရိုက် ၊ သူတို့ က ကန်တင်းအပြန်နောက်ကလိုက်လာရင် ကိုယ့်ပါးစပ်က ထွက်ချင်ရာ ထွက်ထားတဲ့ မေဂျာနဲ့ ကိုယ့်အဆောင်နဲ့ က တမျှော်တခေါ် . အဲ့ဒီတော့မှ ဂွတွေကျပြီး တချို့ ကိုလဲ ရုပ်တည်ကြီးတွေနဲ့ ဟောက်စားလုပ် ၊ တချို့ ကိုလည်း လူစု ခွဲပြီး မျက်လှည့်ပြ ၊ ဟိုက လည်ရင်တော့ မရဘူးပေါ့လေ . အူကြောင်ကြောင်ပုံစံလေး ဆိုရင်တော့ သေဖို့ သာပြင် ကိုယ်တွေက အုပ်စုကတောင့်တော့ အရူးလုပ်တော့တာပဲ .

ပြီးတော့ ကျွန်မ တို့ အုပ်စုက ဗရုတ်တွေချည်းပဲ ဆိုတော့ တစ်ယောက်တစ်မျိုးစီရယ် . ရည်းစား နှစ်ယောက် တပြိုင်တည်း ထားတဲ့ တစ်ယောက်ဆိုရင် နှစ်ယောက်ကို တစ်ရက်တည်း တစ်ချိန်တည်း ချိန်းမိလို့  ဟိုဘက်လှေကားထိပ်နဲ့  ဒီဘက်လှေကားထိပ်ကို ပြေးပြီး စကားပြောတယ် . ကျွန်မတို့ တွေက သူ့ အစား ဘုရားလည်း တမိရဲ့  ၊ စိတ်လည်း တိုပြီးသူ့ ကို ရိုက်ချင်ကြတယ် . သူ ကတော့ ခပ်တည်တည် မှင်သေသေ နဲ့  တစ်စိမှ ရုပ်မပျက်ဘူး .

တခါလည်း အတန်းမတက်ချင်တော့ ဆရာမလာခင် လစ်မယ်ဆိုပြီး ဆရာက ဒီဘက်လှေကားက လာမှာဆိုးလို့ ဟိုဘက်လှေကားထိ လျှောက်လိုက်ပါမယ်လေဆိုပြီး ဟိုဘက်ထိပ် လျှောက်တော့ တစ်ခန်းမှာ ပါချုပ် စာသင်နေတာ တွေ့ တာနဲ့ ကျော်မသွားရဲဘဲ အဲ့ဒီ အတန်းထဲ ကုပ်ချောင်းချောင်းနဲ့ ဝင် ၊ ခပ်တည်တည်နဲ့ လက်ချာ လိုက်ချင်ယောင်ဆောင်ကြတယ် . ခုပြန်စဉ်းစားကြည့်တော့ ကျော်သွားလည်း ရပါရဲ့ နဲ့ ပါချုပ်တော့ အသေကြောက်လို့ ကိုယ့်ကိုယ်ကို တွေးမိပြီး အသံထွက် ရီမိတယ် .

မိုင်နာသင်တဲ့ ဆရာမ တစ်ယောက်ဆို ကိုယ်တွေကို လက်လန်လို့  . အပျိုကြီး ဆရာမ ဆိုတော့ မျက်စိ စပါးမွှေးကလဲစူး ၊ ဒါပေမယ့် သူ့ မှာ ကိုယ်တွေကို ချစ်ကလဲ ချစ်ပြန် လက်ညိုးလေး တထောင်ထောင်နဲ့ နင်တို့ တွေ နင်တို့ တွေနော် ဆိုတိုင်း ကျွန်မ တို့ က တီချယ်ကလဲ ဆိုပြီး လက်ကိုဆွဲသူက ဆွဲ ၊ ခါးကို ဖက်သူကဖက် ၊ မွှေးမွှေးပေးသူကပေး ဆရာမ ဘာဆက်ပြောရမှန်းမသိအောင် တစ်အုပ်စုလုံး အနားဝိုင်းပြီး တီတီတာတာ လုပ်ကြတော့ တီချယ်မှာ ဘာမှ မပြောနိုင်ဘူး . ကျွန်မ တို့  မဟုတ်တာ လုပ်သမျှ သူ့ မှာ ထိုင်ကြည့်နေရတယ် .

ကျောင်းပြီးလို့  ဘွဲ့ ယူကြတဲ့ အချိန်မှာ သူငယ်ချင်းတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဟယ် နင်မျက်နှာကြီးက ဘယ်လို ၊ ခရမ်းချဉ်သီးလုံးကြီးနင့်ပါးပေါ် တင်လာတာလား ၊ အမယ် အမယ် မိန်းမ က မိန်းမ က ဆိုပြီး ထုံးစံ အတိုင်း နောက်ပြောင်နေကြပေမယ့် ကိုယ်စီရင်ထဲမှာတော့ ငါတို့ တွေ ဒါပြီးရင် ကိုယ်စီ လုပ်ငန်းခွင်ဝင်ကြရတော့မယ် . ဘယ်အချိန်ကြမှ ပြန်တွေ့ နိုင်မယ်မသိဘူး ဆိုပြီး ၀မ်းနည်းနေမိကြတယ် .

တကယ်ကိုပါပဲ. ဘွဲ့ ယူပြီးကတည်းက ကျွန်မတို့ တွေ တချို့ လဲ မိသားစု တွေ ရ ၊ တချို့ လဲ အလုပ်နဲ့  နယ်ရောက် ၊ ကျွန်မ အပါအ၀င် တချို့ တွေက ပြည်ပမှာ ၊ အားလုံးဟာ ကိုယ်စီ ကိုယ်စီ ကိုယ့်တာဝန်တွေ နဲ့ ကိုယ် ပိပြီး သူငယ်ချင်းတွေ အရင်လို မတွေ့ နိုင်ကြဘူး . ဒါပေမယ့် သူတို့ အားလုံးလဲ ကျွန်မလိုပဲ ဟိုအရင် ကျောင်းတက်ချိန်ကို လွမ်းနေအုံးမယ်လို့  ယုံကြည်နေမိပါတယ် .