Sunday 24 December 2006

မုန်တိုင်းရဲ့ ဒဏ်

တစ်နေ့မှာ မထင်မှတ်ပဲ ကိုယ့်နှလုံးသားဟာ မုန်တိုင်းဒဏ် ခံရတယ် . အဲ့ဒီ မုန်တိုင်းဟာ ကိုယ့်နှလုံးသားရဲ့ ထောင့်တထောင့်မှာ သိမ်းထားတဲ့ တစုံတရာကို ယူဆောင်သွားခဲ့တယ် . ကိုယ် ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး . ကိုယ့်ဆီကို ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်တော့ဘူး .

ကိုယ့်ရဲ့ နှလုံးသား တစ်ခြမ်းဟာ ဈာပန တစ်ခုနဲ့အတူ မြေမြှပ် ခံလိုက်ရတယ် . အခု ကိုယ့်မှာ တခြမ်းပဲ့ အသဲပဲ ရှိတယ် .

မုန်တိုင်းရယ် ညှာတာသောအားဖြင့် ထပ်မတိုက်လိုက်ပါနဲ့ . ကျေးဇူးပြုပြီး ကိုယ့်ကို အသက်ဆက်ရှင်ခွင့်ပေးပါ . ကိုယ်ဟာ ကိုယ့်အတွက်၊ ကိုယ့်ရှေ့က လူတွေအတွက် ပြီးတော့ ကိုယ့်နောက်က လူတွေအတွက် အသက် ဆက်ရှင်ပါရစေဦး .

နောင်တ

ကျွန်မ နောင်တရဖူးပါသည် .. ကျွန်မ ရရှိခဲ့ဖူးသော နောင်တဟာ ဘယ်အရာနဲ့မှ အစားထိုးလို့ မရသလို ကိုယ့်ကိုယ်ကိုလည်း ဘယ်တော့မှ ခွင့်လွှတ်လို့ ရလိမ့်မယ်မဟုတ်သော နောင်တမျိုးဖြစ်သည် .

ကျွန်မရဲ့ နှောင်းမှရသော နောင်တကြောင့် ကျွန်မ ထပ်ခါထပ်ခါ ခံစားခဲ့ရဖူးသည် .. ကျွန်မ ရင်ကွဲမတက် နာကျင်ခဲ့ရဖူးသည် .. ခုချိန်ထိလည်း ကျွန်မသည် ထိုနောင်တကို ရင်မှာပိုက်ပြီး ကျွန်မ လုပ်ခဲ့ဖူးသည့် အပြစ်ကို ခံစားနေရတုန်းပဲ ဖြစ်သည် .

နေ့စဉ်နေ့တိုင်း ကျွန်မ၏ အပြစ်အတွက် ကျွန်မသည် တောင်းပန်နေရသည် . တစ်နှစ် ပတ်လည်တိုင်း ကျွန်မ၏ နောင်တ တရား နှိပ်စက်မှုကို ရူးမတတ် ခံစားရသည် .

တကယ်တမ်းတော့ စကားလေး တစ်ခွန်းပါပဲ . ကျွန်မ၏ ဒေါသကြောင့် ကျွန်မနှုတ်မှ မထွက်သင့်သော စကားကို ဆိုခဲ့မိသည် . ထိုစကားကြောင့် ကျွန်မသည် ထိုနောင်တကို ရရှိခဲ့သည် . ခုချိန်မှာ ဒီစကားကို မပြောမိခဲ့ရင် ကောင်းမယ် ဆိုသော အတွေးမျိုး ကျွန်မ ခေါင်းထဲမှာ ခဏခဏ ၀င်လာတယ် .. ဒါပေမယ့် ကျွန်မ၏ နှုတ်ထွက်စကားသည် လေထဲသို့ ရောက်သွားခဲ့ပြီးပြီ .. ကျွန်မသည် အတိတ်ကို ပြန်သွားပြီး ထိုစကားကို ပြန်ဖမ်းလို့ မရတော့သလို၊ ကျွန်မ၏ စကားကြောင့် နာကျင်သွားသည့် သူကိုလည်း ကျွန်မ ပြန်တောင်းပန်လို့ မရတော့ ..

တကယ်လို့သာ အခွင့်အရေး ရှိခဲ့မယ်ဆိုရင် ကျွန်မသည် ထိုအချိန် ခဏလေးကို ပြန်ရချင်ပါသည် . ကျွန်မသည် ထိုသူ့ကို ထိုမျက်လုံး၊ ထိုစကားလုံးတို့ဖြင့် ပြောမထွက်ခဲ့သူ ဖြစ်ခဲ့ချင်ပါသည် .

ခွင့်လွှတ်မယ် ဆိုတာ သိပေမယ့် ကျွန်မသည် တောင်းပန်ရန် အခွင့်အရေး မရနိုင်တော့ပါ . ကျွန်မ၏ နောင်တကို ကျွန်မ အသက်ရှူနေသမျှ ကာလပတ်လုံး ရင်မှာ သိမ်းထားပြီး ထိုနောင်တ၏ ထိုးနှက်ချက်ကို ခံရဦးမည်ဖြစ်သည် . ကျွန်မ၏ မိုက်မဲမှုအတွက် ကျွန်မ နာကျင်ရဦးမည်ဖြစ်သည် .

ရွာ ပြန်ချင်တယ် . ရွာမှာ ဒီချိန်ဆို ပွဲတော်တွေ စပြီပေါ့ . မနှစ်က သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တာ သတိရမိတယ် . ဒီနှစ်တော့ တချို့ကလည်း ကျွန်မကို မခေါ်ချင်၊ တချို့ကလည်း ပြန်လာဖို့ခေါ်ချင်၊ ကျွန်မကလည်း ပြန်ချင်ပေမယ့် တွက်ရ ချက်ရမယ့် အရာလေးတွေ ရှိနေတော့ ရွာ မပြန်နိုင် .

မေမေရယ် .. တကယ်တော့ ဒီမှာနေရတာ ရွာနဲ့ မထူးပါဘူး . ဘယ်နေရာ ကြည့်ကြည့် တိုက်တွေချည်းပါပဲလို့ မေမေ့ဆီ စာရေးပြောမိတာလေးကို အမှတ်ရမိတယ် .. ဟုတ်တယ် .. တိုက်တွေချည်းပဲ . ( မီးထိန်နေတာနဲ့ မှောင်နေတာတော့ ကွာမပေါ့လေ )

ဟို ခပ်ဝေးဝေးဆီမှာ သစ်ပင် စုစုမြင်တော့ ရွာမှာတုန်းက အလုပ်က သူငယ်ချင်းတွေနဲ့ စုပြီး ဘုရားဖူး သွားခဲ့တာလေးကို သတိရမိတယ် . ခုတော့ သူတို့တွေနဲ့ တစ်ယောက် တစ်နေရာစီ . လွမ်းပါသော်လည်း လွမ်းရေးထက် ၀မ်းရေး ကျောင်းနေရတော့ လွမ်းတယ်ဆိုတာ ဘေးချိတ်ထားရတယ် .

နားထဲမှာ နွားခလောက်သံလေးကို ကြားမိသလိုပဲ . ခုလို မိုး တစိမ့်စိမ့် ဆိုတော့လည်း ရွာမှာတုန်းက သူငယ်ချင်း အမတွေ တပုံကြီး မိုးရွာထဲမှာ နွားလှည်းစီး ဘုရားဖူးသွားခဲ့တာလေး သတိရသွားပြန်ရော .

အတိတ်ဆိုတာ တကယ်တော့ ပြန်မရနိုင်တော့တဲ့ ပုံရိပ်တွေပါပဲ .. ဒါပေမယ့် အဲ့ဒီ ပုံရိပ်လေးတွေကို စိတ်ကူးဖော်ပြီး ကြည်နူးရတာလည်း အရသာ တစ်မျိုးပဲကိုး . လွမ်းမိပါသည်ကွယ် . ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ကို လွမ်းပါသည် .

ကြိုး ...

အချို့သူများသည် ကြိုးနှင့် ချည်နှောင်တတ်၏။ အချို့သူများက ကြိုးမပါဘဲ ချည်နှောင်တတ်သည်။ ကျွန်တော် ခံခဲ့ရဖူးသည် ။
( တာရာမင်းဝေ - စောင်းကြိုးတန်းလန်း နဲ့ လခြမ်း )


ကြိုး .. ကျွန်မ ကြိုးအမျိုးမျိုးကို မြင်တွေ့ဖူးပါတယ် .. အမှုမဲ့ အမှတ်မဲ့ပေါ့ .. မမြင်နိုင်သော ကြိုးများနှင့်လည်း ခလုတ်တိုက် လဲကျခဲ့ဖူးပါတယ် . အခု ကျွန်မ လက်ထဲမှာ ဆုပ်ကိုင်ထားမိတဲ့ကြိုးက ဘယ်လိုကြိုး အမျိုးအစားပါလိမ့် ..

ကျွန်မ လက်ကို ဆုပ်ပြီး လက်ချောင်းများက လက်ဖ၀ါးကို ပွတ်တိုက် ဆွဲလိုက်တယ် .. ကြိုးတစ်စကို ဟင့်အင်း မကိုင်တွယ်မိပါ .. ဒါပေမယ့် ကျွန်မရဲ့ လက်ပေါ်မှာ ကြိုးတစ်ချောင်း ရှိနေတာကို ကျွန်မ သေချာ မြင်နေရတယ် . လွှတ်ချလိုက်တယ် .. ဘုရားရေ . ကြိုးဟာ အောက်ကို လွတ်ကျမသွားပါလား ..

ဒါ ဘာကြိုးအမျိုးအစားလဲ .. အဲ့ နေအုံး .. ဒီကြိုးကရော ကျွန်မရဲ့ လက်ထဲကို ဘယ်လိုရောက်နေတာလဲ .. ကျွန်မ ဘာသာ ကောက်ကိုင်မိတာလား . လူတစ်ယောက်က လာထည့်ပေးသွားတာလား . ကျွန်မ မမှတ်မိဘူး . မဟုတ်ဘူး သေချာ မသိတာ . ကျွန်မ သတိထားလိုက်မိချိန်မှာ ကျွန်မမှာ ကြိုးတစ်ချောင်းရှိနေပြီ .

ဒီကြိုးဟာ ဘယ်ချိန်ထိ ကျွန်မနဲ့အတူ ရှိနေမှာလဲ ..

သဘောကျမိသော စာပိုဒ်လေး နှစ်ပိုဒ်ကြောင့်

ကျွန်မ ဒီနေ့ ဂျူးရဲ့ စောင့်နေမယ်လို့ မပြောလိုက်ဘူး ဆိုတဲ့ စာအုပ်လေးကို ဒုတိယ အကြိမ် ပြန်ဖတ်မိတယ် .. အဆုံးထိတော့ မဟုတ်ပါဘူး .. ခုတလော ဖတ်စရာတွေ သိပ်များနေလို့ စာအုပ်တစ်အုပ်ကို အဆုံးအထိ မဖတ်နိုင်ဘူး .. ကျွန်မမှာ အဆုံးထိ ဖတ်ချင်စိတ် မရှိတာလဲ ဖြစ်မှာပါ .. ကျွန်မ စာအုပ်တစ်အုပ်ကို အပြည့်အ၀ စိတ်နှစ်မဖတ်နိုင်ဘူး ဖြစ်နေတယ် .. ရှေ့ပိုင်းလေးကို ဖတ်နေချိန်မှာပဲ ကျွန်မ စိတ်ထဲကို ၀င်လာတဲ့ စာပိုဒ်လေး ၂ ပိုဒ် ရှိလာတယ် . ပထမ တစ်ခုက ..

.. ပတ်ဝန်းကျင် ဆိုတာက တချို့အတွက် အလိုအလျောက် ရှိနေပြီးသားဖြစ်ပေမယ့် တချို့အတွက်တော့ ကိုယ်တိုင် အားထုတ်ဖန်တီးမှ ဒီပတ်ဝန်းကျင်မျိုးလေးရတယ်။ ပညာက ကိုယ့်အနားကို မလာရင် ကိုယ်က ပညာဆီကို သွားရမှာပဲ။ ညနေခင်းတွေကို တီဗွီဇာတ်လမ်းတွေနဲ့ အချိန်ဖြုန်းနေမယ့်အစား ဘာသာရပ် ကျွမ်းကျင်အောင် လေ့ကျင့် ကျက်မှတ်နေရင် ပိုအကျိုးရှိမယ်။ တန်ဖိုးရှိတဲ့ အရာဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်ရမလဲ။ ..

ကျွန်မ ဒီစာလေးကို ဖတ်ပြီးတော့ အသာအယာလေး ပြုံးမိတယ် . ကျွန်မကတော့ ညနေခင်းတွေကို ကွန်ပြူတာရှေ့မှာထိုင် gtalk, yahoo ဖွင့်ထားပြီး blog တိုင်းခန်းလှည့်မိတယ် . ကိုယ့်ကို လာချက်ရင် စကားပြန်ပြောပေါ့ .. မပြောချင်ရင် online ပေါ်မှာ စာအုပ်တွေ လျှောက်ဖတ်လိုက်၊ သီချင်းတွေ နားထောင်လိုက်၊ သူများရဲ့ ခံစားချက်တွေကို ၀င်ကြည့်လိုက်နဲ့ အချိန်ကုန်သွားတတ်တယ် ..

စာအုပ် သိပ်ကြိုက်လွန်းတဲ့ ကျွန်မ အတွက် Internet ဟာ တော်တော် အသုံးဝင် ပါတယ် . ခုလို သူများနိုင်ငံမှာ ရောက်နေချိန်မှာ ထွက်သမျှစာအုပ် အကုန် ကျွန်မ ၀ယ် မဖတ်နိုင်ပါဘူး . ငှားလဲ မဖတ်နိုင်ဘူး .. စာအုပ် ငှားရတာ ဈေးကြီးပါတယ် .

ပြီးတော့ အထီးကျန်တဲ့ ခံစားမှု အတွက်တော့ online ပေါ်မှာ သူငယ်ချင်းတွေနဲ့ စကားပြောရတာ အထီးကျန်မှုကို ပြေပျောက်စေပါတယ် . ကိုယ်မသိတဲ့ ဗဟုသုတ တွေကိုလည်း ကိုယ့်ထက် ဥာဏ်ပညာ ပိုမြင့်တဲ့ လူတွေဆီမှာ မေးနိုင်ပါသေးတယ် . ကျွန်မလို အပျင်းထူတဲ့ လူတစ်ယောက်အတွက် ကိုယ်နဲ့ မကျွမ်းဝင်တဲ့ ဘာသာတွေကို ကိုယ့်ဟာကိုယ် ရှာဖတ်တာထက် သိမယ့်လူတစ်ယောက်ယောက်ကို လက်တို့ပြီး မေးရတာ ပိုမြန်ပါတယ် .. ( ကိုယ်ဘာသာကိုယ်ဆို ရှာဖြစ်မယ် မထင် )

ကောင်းတာ ရှိသလို၊ ဆိုးတာလည်း ရှိပါတယ်လေ . တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူး မတွေ့ဖူးကြပါပဲ စာဖတ်လိုက် စကားပြောလိုက်နဲ့ အထင်အမြင်လွဲမှား ပြသနာတက်တာမျိုးလည်း ဖြစ်နိုင်ပါတယ် . စကားဆိုတာ စလိုက်တာနဲ့ ကားသွားတတ်သလိုမျိုးပဲပေါ့ . ခက်ပါတယ် လူဆိုတာကလည်း ( ကျွန်မ အပါအ၀င် ) ကိုယ့်နေရာနဲ့ကိုယ် မနေတတ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် လိုက်ဝင်ပါပြီး ဒုက်ခကို ရှာဖွေသူတွေကိုး .

ခုတော့ စာရေးဆရာမ ဂျူးရဲ့ စာပိုဒ်လေးကို ဖတ်ပြီး ကျွန်မခေါင်းထဲမှာ တွေးစရာ ပေါ်လာပါပြီ .

နောက်ထပ် ကျွန်မ သဘောကျသော စာပိုဒ်သေးလေး တစ်ခုက …

.. ပထမဆုံး လှေကား တစ်ထစ်က အရေးအကြီးဆုံး၊ အခက်ဆုံး။ ပထမ အထစ်ပြီးရင် ဒုတိယ လှေကားထစ်က လွယ်သွားပြီလေ ..

ကျွန်မ အဲ့ဒါလေးကို သဘောကျမိတယ် . ပြီးတော့ ကျွန်မ လက်ခံတယ် . ဟုတ်တယ် ပထမဆုံး လှေကားထစ်က အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံးပဲ . ကျွန်မ ခု လှေကားတစ်ထစ်ကို စတက်ပြီးသားကို ဘာလို့များ ဆက်တက်ဖို့ ကြောက်နေမိပါလိမ့် . ကျွန်မဟာ ဘာကြောင့် ခြေစုံရပ်ပြီး တွေဝေနေမိတာလဲ ..

ဆရာမ ဂျူးရေ . ကျေးဇူးပါ .. ( ဆရာမ ကြားသည် ဖြစ်စေ၊ မကြားသည်ဖြစ်စေ၊ ကျွန်မ ကျေးဇူးတင်စကား ပြောပါရစေ )

ကျွန်မရဲ့ စိတ်ကို ပြန်နိုးလာအောင် နှိုးဆော်ပေးတဲ့အတွက် ကျေးဇူးပါ .

ဂျီးများတတ်လွန်းတဲ့ ကျွန်မ

ဒီနေ့  မေမေ ဖေဖေ တို့နဲ့ ဖုန်းပြောဖြစ်တယ် .. ဖေဖေ က လူကြုံရှိတယ်တဲ့ စားချင်တာ ရှိရင် မှာတဲ့ . မေးလ် ပို့ထားလိုက်တဲ့ . မေမေ ကတော့ ပထမ လူကြုံနဲ့  ငါးကျည်းကြော် ထည့်ပေးလိုက်တယ် . ငံပြာရည်ကြော် ထည့်ပေးလိုက်တယ်တဲ့ . ကျွန်မ အကြိုက် ငါးကျည်းအကောင်သေးလေးတွေ ပါတဲ့ ..

ကျွန်မမှာ စိတ္တဇလို့ ပြောရမလား .. ဟင်းတုံးတွေ ကြီးရင် ကျွန်မ မစားတတ်ပါ . ပျို့လာတတ်ပါတယ် . အင်မတန်မှ ဆိုးရွားလွန်းသော အဖြစ်ပါ . ရှက်ဖို့လည်း ကောင်းပါတယ် .. ကိုယ့်အိမ်မှာကိုယ် အတုံးသေးသေး ချက်လို့ရပေမယ့် အပြင်သွားရင် ကျွန်မ အလွန် ဒုက်ခရောက်ပါတယ် .

မှတ်မိသေးတယ် . တခါ အလှူတစ်ခုမှာ ဖေဖေ မလိုက်နိုင်တော့ မေမေက ကျွန်မကို ခေါ်သွားပါတယ် . အလှူရောက်တော့ ထမင်းဝိုင်း ထိုင်လိုက်ချိန်မှာ ကျွန်မ စတင် ဒုက်ခရောက်တာပါပဲ . အလှူမှာကျွေးတဲ့ ကြက်သား၊ ၀က်သား အတုံးဟာ တော်တော်ကြီးပါတယ် . ကျွန်မ မြင်လိုက်တာနဲ့ အန်ချင်လာတယ် . ဘေးမှာလဲ လူတွေနဲ့ .. ကျွန်မ မျက်စိမျက်နှာ ပျက်နေတော့ မေမေကလည်း သဘောပေါက်သွားပြီ .. အဲ့တုန်းက မေမေ တော်တော် စိတ်ညစ်သွားတယ် . ကျွန်မ အကျင့်ကို သိထားတဲ့ မေမေက ကျွန်မကို သမီး လက်သွားဆေးပါလားလို့ ထွက်ပေါက်ပေးလိုက်တော့ ကျွန်မလည်း ခပ်မြန်မြန် ထပြေးရတယ် . အဲ့ကတည်းက ကျွန်မ အလှူ၊ မင်္ဂလာဆောင် မလိုက်တော့ပါ . အ၀တ်အစား တောင့်တောင့်ကြီး မ၀တ် ချင်တာလဲ ပါတာပေါ့လေ .

ပြီးတော့ ကျွန်မ က ကြက်သား မကြိုက်ပါ . အမဲသားဆို လုံးဝ မစားပါ . ဆိတ်သား ဆိုလည်း မကြိုက်ပါ . ပင်လယ်ငါး မစားတတ်ပါ .. ပုဇွန်ကျား မစားတတ်ပါ . အသီးအရွက် အစားနည်းပါတယ် . အမှန်အတိုင်း အားမနာတမ်း ပြောရရင် ကျွန်မဟာ ဟင်းဂျီးများလွန်းသူတစ်ယောက် ဖြစ်ပါတယ် .

ကျွန်မရဲ့ မေမေက လူကြုံရှိတိုင်း ကျွန်မ ကြိုက်တတ်တဲ့ ဟင်းလေးတွေ ချက်ပြီး ထည့်ပေးတတ်တယ် . ကျွန်မ ကြိုက်တတ်တဲ့ မုန့်မျိုးကို ရှာထည့်ပေးတတ်တယ် . ကျွန်မ ဖုန်းဆက်တိုင်း အချိန်မှန်စားဖို့ ဖြစ်သလို မစားဖို့ မှာတတ်တယ် ..

ခုတော့ အရင်ကထက် စာရင် တော်လာပြီလို့ ပြောနိုင်မယ် ထင်ပါတယ် . ကျွန်မ မစားချင်ရင် မျက်နှာလွှဲ နေလိုက်တယ် . ပျို့တတ် အန်တတ်တာတော့ တော်တော်ကြီးကို လျော့နည်းသွားပါပြီ . နည်းပါမှပဲလေ . မဟုတ်ရင် ကျွန်မလည်း ရိုက်ပေါက် . ဒီလို အချိုးမျိုးနဲ့ဆို အမြင်ကတ်ပုဒ်မနဲ့ အရိုက်ခံရမယ့် စာရင်းထဲ ၀င် လောက်တယ် .

ဂျီးများလွန်းတာ တကယ် မကောင်းဘူး ..

လူတစ်ယောက်ချင်းဟာ...

လူတစ်ယောက်ချင်းဟာ အမှောင်ဘက်ခြမ်း တွဲလျက်ပါနေတဲ့ လတစ်စင်းစီပဲ



ဒီနေ့ မပြီးသေးတဲ့ ဂျူးရဲ့ စာအုပ်လေးကို ထပ်ဖတ်ဖြစ်တယ် . အဆုံးထိပေါ့ . ကျွန်မ သဘောကျနှစ်သက်တဲ့ စာပိုဒ် တစ်ခု ထပ်တွေ့တယ် ....

လူတစ်ယောက်ချင်းဟာ အမှောင်ဘက်ခြမ်း တွဲလျက်ပါနေတဲ့ လတစ်စင်းစီပဲ . ( မာ့ခ်တွိန်း )

" လဟာ နေဆီက အရောင်ရတဲ့ အခြမ်းက လင်းနေပေမယ့် မရတဲ့ အပိုင်းက မှောင်နေတယ် မဟုတ်လား ။ လမှာ အမှောင်ဘက်ခြမ်း ရှိသလို လူတွေမှာလဲ မြင်သာတဲ့ အပိုင်းက လင်းနေပေမယ့် မမြင်သာတဲ့ အမှောင်ခြမ်းတွေလဲ ရှိနေတယ်။ ဖုံးကွယ်ထားတဲ့ ကဏ္ဍတွေ လူတိုင်းမှာရှိတယ်။ "


ကျွန်မတို့ ဘ၀တွေမှာရော ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေ ရှိသလား . သိပ်ရှိ တာပေါ့ . လူတိုင်းမှာ လျို့ဝှက်ချက် တစ်ခုစီ ဒါမှမဟုတ် တစ်ခုထက်မက ရှိတတ်ကြတာပဲလေ . ကျွန်မရဲ့ ဘ၀မှာလည်း လင်းနေတဲ့ အခြမ်းရှိသလို မှောင်နေတဲ့ အခြမ်းလည်း ရှိတာပဲ . ကျွန်မ ဒီစာစုလေးကို သဘောကျလိုက်တာ . နှစ်သက် လိုက်တာ

စာအုပ်စင်

အိမ်က ကျွန်မ ရဲ့  ကိုယ်ပိုင် စာအုပ်စင်လေးကို သတိရတယ် . အဲ့ဒီမှာ မေမေ ကျွန်မ အတွက် ၀ယ်ပေးတဲ့ စာအုပ်တွေရယ် ကျွန်မ ကိုယ်တိုင် နှစ်ခြိုက်သဘောကျလို့ ၀ယ် ထားတဲ့ စာအုပ်တွေရယ် ရှိတယ် . စာမကျက်ချင်တဲ့ အခါမျိုး ၊ သီချင်း နားမထောင်ချင်တဲ့ အခါမျိုးတွေဆို ကျွန်မ စာအုပ်စင်လေးကို မွှေပြီး ဖတ်ပြီးသား စာအုပ် တစ်အုပ်အုပ်ကို ပြန်ဖတ်တတ်တယ် .

တက်ကျမ်းလို့ ခေါ်မလား . အဲ့လို စာအုပ်မျိုးတွေကို ကျွန်မ မကြိုက်ပါ . ဖတ်ရမှာ ပျင်းတတ်ပါတယ် . ဆုံးမစာ အရှည်ကြီးရေးထားတဲ့ စာအုပ်မျိုးလည်း ကျွန်မ မဖတ်ချင် . အင်း အင်း ဆိုပြီး ဘေးချထားတတ်တဲ့ ကျွန်မအကြောင်း ကောင်းကောင်းသိတဲ့ မေမေက ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စာရေးဆရာကြီး ဆရာမကြီးများရဲ့ စာအုပ်ကို ပေးဖတ်ခဲ့ပါတယ် . တကယ်တော့ ကျွန်မမှာ စာဖတ် ၀ါ သနာ ပါခဲ့တာ မေမေ့ကြောင့်ပါ . မေမေက စာဖတ်ချင်တဲ့ စိတ်ရှိအောင် ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့လို့ ကျွန်မဟာ စာအုပ်တွေကို ချစ်တတ်ခဲ့တာပါ .

ငယ်က ကာတွန်းစာအုပ်ကို အသေအကျေဖတ်၊ နောက် မေမေ ဖတ်တဲ့ စာအုပ်တွေကို လိုက်ဖတ်၊ ဖေဖေနဲ့ မေမေ ပိုင်ဆိုင်သော စာအုပ်စင်ကို တက်တက်မွှေလွန်းတဲ့ ကျွန်မကို မေမေက ကိုယ်ပိုင် စာအုပ်စင်လေး လုပ်ပေးခဲ့တယ် . ကျွန်မရဲ့ စာအုပ်စင်ဟာ မေမေတို့ စာအုပ်စင်နဲ့ နှိုင်းရင် တကယ့် သေးသေးလေးပါ .. ဆင်နဲ့ ပုရွတ်ဆိတ်ပါပဲ .. ဒါပေမယ့် ကျွန်မရဲ့ စာအုပ်စင်မှာ မေမေ့ရဲ့ ကျွန်မ အပေါ်ထားတဲ့ ချစ်ခြင်းတွေ ပါဝင် တဲ့အတွက် ကျွန်မရဲ့ စာအုပ်စင်လေးဟာ ကျွန်မအတွက် အဖိုးမဖြတ်နိုင်ပါဘူး .

ကျွန်မမှာ ဂျာနယ်ကျော် မမလေး၊ ခင်နှင်းယု၊ ခင်ဆွေဦး၊ မိုးမိုး (အင်းလျား)၊ မစန်ဒါ၊ ကြည်အေး၊ ဂျူး၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဒဂုန်တာရာ၊ သော်တာဆွေ၊ ကံချွန်၊ သစ်စာနီ၊ ဖေမြင့်၊ နောက် ငယ်ငယ်က အရမ်းကို စွဲလမ်းခဲ့တဲ့ ပုံပြင်စာအုပ်တွေ၊ ရာဇ၀င် စာအုပ်တွေ၊ ဖေဖေ့ စာအုပ်စင်ကနေ ယူပြီး ကိုယ့်စာအုပ် လုပ်ထားတဲ့ တကသိုလ် ဘုန်းနိုင်ရဲ့ စာအုပ်တွေ ( ကျွန်မအကို လာလာ ပြန်လုတာ ခံရတဲ့ စာရေးဆရာပေါ့ ) မေမေ လစဉ် ၀ယ်ပေးတဲ့ Beauty Magazine၊ ကျွန်မရဲ့ ကျောင်းက ပေးတဲ့ Student Magazine၊ ပြီးတော့ သောင်္ကြာ စာစောင် … မေမေ လိုင်းတားပေးထားတဲ့ စာအုပ် တချို့ … လွမ်းလှပါသည် . ကျွန်မရဲ့ စာအုပ်စင်လေးကို လွမ်းလှပါသည် .

ရှေ့တစ်ခေါက် ကျွန်မ အိမ်ကို ပြန်တုန်းက ရောက်တဲ့ညမှာပဲ ကျွန်မ စာအုပ်စင်လေးဆီမှ ဝေ နှင့် ရှယ်လီ ( ခေါ် ) မြကြာဖြူကို စတွေ့ခဲ့ဖြစ်တယ် . နောက်တော့ ကျွန်မ တွေ့ချင်သော ဇာတ်ကောင် တစ်ယောက်ပြီး တစ်ယောက်ကို တွေ့ခဲ့ပြီး မပြန်ခင်ညမှာ ခွန်သာ့အကြောင်း အဖြေရှာ အိပ်ရာထက်မှာ လူးလွန့်ခဲ့တာကို မှတ်မိနေသေးတယ် .

ကျွန်မ အခု ကြည်အေး၏ တမ်းတတတ်သည်ကို တမ်းတမိသည် . ဒီလိုအချိန်မှာ ဘယ်သူ့မှ မရှိတဲ့ အခန်းထဲမှာ ကျွန်မ တစ်ယောက်ထဲ စာအုပ်တွေနဲ့ နေချင်တယ် ..

Friday 22 December 2006

ကိုယ်ထူ ကိုယ်ထ ဆိုတာလေး

ကိုယ်ထူ ကိုယ်ထ ဆိုတာလေး တခါက ဆိုခဲ့ဖူးတယ် .

ကိုယ် ယိုင်လဲသွားတော့ ဘေးနားကနေ ထပါလို့ ပြောသူတွေ ရှိပေမယ့် တကယ်တော့ လက်ကမ်းမယ့်သူ မရှိဘူး . ကိုယ့်ဘာသာ ပြန်ကုန်းထလာရတယ် . ၀ါးလုံးနဲ့ ထိုးကူသူတွေကိုတော့ မပြောလိုပါဘူး . လူဆိုတာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလေ . နစ်စေချင်သူလည်း ရှိမယ် . မနစ်စေချင်သူလည်း ရှိမယ် . အဓိက ကတော့ ကိုယ့်ဘာသာကိုယ် ပြန်ထနိုင်အောင် ကြိုးစားရမှာပါပဲ .. ဘေးနားက ထပါလို့ အားတက်သရော အားပေးတဲ့လူတွေ ရှိတဲ့အတွက် ကျေးဇူးပါ ..

အမှန်အတိုင်းပြောရရင် အာရုံတွေ ပြန်စုစည်းလို့ မရသေးဘူး . ပြီးတော့ စိတ်က ထွေနေသေးတယ် . ဒါပေမယ့် ကိုယ့်ရဲ့ နားခိုရာ နေရာလေးကိုတော့ ကိုယ်ပြန်လိုချင်တယ် . ဖန်တီးပေးတဲ့ သူကို ဒီအတွက် ကျေးဇူးအရမ်း တင်ပါတယ် . မမြင်ချင်သူ ရှိသလို မြင်ချင်သူလည်းရှိမယ် . ၀မ်းသာသူ ရှိသလို ၀မ်းနည်းသူလည်း ရှိမယ် . ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကိုယ်လုပ်ချင်တယ် . ဒီတော့ ဒီစိတ်ကလေးကို အလိုလိုက်လိုက်တယ် . ဒါပါပဲ .