Sunday 24 December 2006

နောင်တ

ကျွန်မ နောင်တရဖူးပါသည် .. ကျွန်မ ရရှိခဲ့ဖူးသော နောင်တဟာ ဘယ်အရာနဲ့မှ အစားထိုးလို့ မရသလို ကိုယ့်ကိုယ်ကိုလည်း ဘယ်တော့မှ ခွင့်လွှတ်လို့ ရလိမ့်မယ်မဟုတ်သော နောင်တမျိုးဖြစ်သည် .

ကျွန်မရဲ့ နှောင်းမှရသော နောင်တကြောင့် ကျွန်မ ထပ်ခါထပ်ခါ ခံစားခဲ့ရဖူးသည် .. ကျွန်မ ရင်ကွဲမတက် နာကျင်ခဲ့ရဖူးသည် .. ခုချိန်ထိလည်း ကျွန်မသည် ထိုနောင်တကို ရင်မှာပိုက်ပြီး ကျွန်မ လုပ်ခဲ့ဖူးသည့် အပြစ်ကို ခံစားနေရတုန်းပဲ ဖြစ်သည် .

နေ့စဉ်နေ့တိုင်း ကျွန်မ၏ အပြစ်အတွက် ကျွန်မသည် တောင်းပန်နေရသည် . တစ်နှစ် ပတ်လည်တိုင်း ကျွန်မ၏ နောင်တ တရား နှိပ်စက်မှုကို ရူးမတတ် ခံစားရသည် .

တကယ်တမ်းတော့ စကားလေး တစ်ခွန်းပါပဲ . ကျွန်မ၏ ဒေါသကြောင့် ကျွန်မနှုတ်မှ မထွက်သင့်သော စကားကို ဆိုခဲ့မိသည် . ထိုစကားကြောင့် ကျွန်မသည် ထိုနောင်တကို ရရှိခဲ့သည် . ခုချိန်မှာ ဒီစကားကို မပြောမိခဲ့ရင် ကောင်းမယ် ဆိုသော အတွေးမျိုး ကျွန်မ ခေါင်းထဲမှာ ခဏခဏ ၀င်လာတယ် .. ဒါပေမယ့် ကျွန်မ၏ နှုတ်ထွက်စကားသည် လေထဲသို့ ရောက်သွားခဲ့ပြီးပြီ .. ကျွန်မသည် အတိတ်ကို ပြန်သွားပြီး ထိုစကားကို ပြန်ဖမ်းလို့ မရတော့သလို၊ ကျွန်မ၏ စကားကြောင့် နာကျင်သွားသည့် သူကိုလည်း ကျွန်မ ပြန်တောင်းပန်လို့ မရတော့ ..

တကယ်လို့သာ အခွင့်အရေး ရှိခဲ့မယ်ဆိုရင် ကျွန်မသည် ထိုအချိန် ခဏလေးကို ပြန်ရချင်ပါသည် . ကျွန်မသည် ထိုသူ့ကို ထိုမျက်လုံး၊ ထိုစကားလုံးတို့ဖြင့် ပြောမထွက်ခဲ့သူ ဖြစ်ခဲ့ချင်ပါသည် .

ခွင့်လွှတ်မယ် ဆိုတာ သိပေမယ့် ကျွန်မသည် တောင်းပန်ရန် အခွင့်အရေး မရနိုင်တော့ပါ . ကျွန်မ၏ နောင်တကို ကျွန်မ အသက်ရှူနေသမျှ ကာလပတ်လုံး ရင်မှာ သိမ်းထားပြီး ထိုနောင်တ၏ ထိုးနှက်ချက်ကို ခံရဦးမည်ဖြစ်သည် . ကျွန်မ၏ မိုက်မဲမှုအတွက် ကျွန်မ နာကျင်ရဦးမည်ဖြစ်သည် .

ရွာ ပြန်ချင်တယ် . ရွာမှာ ဒီချိန်ဆို ပွဲတော်တွေ စပြီပေါ့ . မနှစ်က သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တာ သတိရမိတယ် . ဒီနှစ်တော့ တချို့ကလည်း ကျွန်မကို မခေါ်ချင်၊ တချို့ကလည်း ပြန်လာဖို့ခေါ်ချင်၊ ကျွန်မကလည်း ပြန်ချင်ပေမယ့် တွက်ရ ချက်ရမယ့် အရာလေးတွေ ရှိနေတော့ ရွာ မပြန်နိုင် .

မေမေရယ် .. တကယ်တော့ ဒီမှာနေရတာ ရွာနဲ့ မထူးပါဘူး . ဘယ်နေရာ ကြည့်ကြည့် တိုက်တွေချည်းပါပဲလို့ မေမေ့ဆီ စာရေးပြောမိတာလေးကို အမှတ်ရမိတယ် .. ဟုတ်တယ် .. တိုက်တွေချည်းပဲ . ( မီးထိန်နေတာနဲ့ မှောင်နေတာတော့ ကွာမပေါ့လေ )

ဟို ခပ်ဝေးဝေးဆီမှာ သစ်ပင် စုစုမြင်တော့ ရွာမှာတုန်းက အလုပ်က သူငယ်ချင်းတွေနဲ့ စုပြီး ဘုရားဖူး သွားခဲ့တာလေးကို သတိရမိတယ် . ခုတော့ သူတို့တွေနဲ့ တစ်ယောက် တစ်နေရာစီ . လွမ်းပါသော်လည်း လွမ်းရေးထက် ၀မ်းရေး ကျောင်းနေရတော့ လွမ်းတယ်ဆိုတာ ဘေးချိတ်ထားရတယ် .

နားထဲမှာ နွားခလောက်သံလေးကို ကြားမိသလိုပဲ . ခုလို မိုး တစိမ့်စိမ့် ဆိုတော့လည်း ရွာမှာတုန်းက သူငယ်ချင်း အမတွေ တပုံကြီး မိုးရွာထဲမှာ နွားလှည်းစီး ဘုရားဖူးသွားခဲ့တာလေး သတိရသွားပြန်ရော .

အတိတ်ဆိုတာ တကယ်တော့ ပြန်မရနိုင်တော့တဲ့ ပုံရိပ်တွေပါပဲ .. ဒါပေမယ့် အဲ့ဒီ ပုံရိပ်လေးတွေကို စိတ်ကူးဖော်ပြီး ကြည်နူးရတာလည်း အရသာ တစ်မျိုးပဲကိုး . လွမ်းမိပါသည်ကွယ် . ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့ကို လွမ်းပါသည် .

No comments: