Wednesday 31 December 2008

Welcome 2()()9!!!!!

နှစ်တစ်နှစ်တော့ ကုန်ဆုံးခဲ့ပြန်ပြီ . ၂၀၀၈ မှာ ဘာတွေ ကျန်ခဲ့လဲ .

ပျော်ရွှင်မှုတွေ ၊ ၀မ်းနည်းမှုတွေ ၊ ဒေါသတွေ ၊ မျက်ရည်တွေ ၊ ပီတိတွေ ၊ အိမ်မက်တွေ ၊ ဒဏ်ရာတွေ မရေတွက်နိုင်လောက်အောင်ပါပဲ .

၂၀၀၈ မှာ မလိုချင်ဘဲ ရခဲ့တဲ့ အရာအားလုံးဟာ မနေ့ က မျောချလိုက်တဲ့ ခါးသက်သက် အရည်တွေ နဲ့ အတူ ပျောက်ဆုံးသွားခဲ့ပြီ.

နှုတ်ဆက်လိုက်ပြီ ဒီဇင်ဘာ ရေ .

၂၀၀၉ အတွက် အကောင်းဆုံး ပြင်ဆင်ရင်း နှစ်သစ်ရဲ့ စာမျက်နှာကို ဖွင့်လှစ်လိုက်ပါပြီ .

Tuesday 23 December 2008

ကျွန်မ ချစ်သော ဒီဇင်ဘာ အမှတ်စဉ် ၃



အေးလွန်းလို့  ခိုက်ခိုက်တုန်ပြီး လူက မေး တဂက်ဂက် ရိုက်နေတာတောင် ကျွန်မ တည်းခိုဆောင်ထဲ ပြန်ဝင်သွားဖို့  စိတ်မကူးမိဘူး . ကျွန်မ ရဲ့ ဘေးပတ်လည်မှာ ၀န်းရံနေတဲ့ ကြယ်တွေကို ရေတွက်ရင်း ဒီလို လှပတဲ့ ညလေးကို ကုန်ဆုံးချင်တယ်.

တကယ်ပါ . ဒီလို လှပတဲ့ ကြယ်လေးတွေကို တစ်ခါမှ နီးနီးကပ်ကပ် ကျွန်မ ဘ၀မှာ မမြင်ခဲ့ဖူးဘူး . ဒီ အခွင့်အရေးကို ပေးခဲ့တဲ့ ကျွန်မ ရဲ့ ဆရာကို သိပ်ကျေးဇူးတင်တာပဲ . ဟုတ်တယ်လေ ဆရာခေါ်လို့ သာ ကျွန်မ ဒီကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်ကို သူငယ်ချင်းတွေနဲ့ တူတူ လာခွင့်ရခဲ့တာပေါ့ . ဆရာကသာ အာမခံပြီး အိမ်ကို ပြောမပေးဘူးဆိုရင် ကျွန်မ ဒီခရီးကို လိုက်ပါခွင့်ရမှာ မဟုတ်ဘူး .

အမှန်အတိုင်းပြောရရင် ကျွန်မ လိုက်ရမှာ မ၀ံ့ဘူး ဖြစ်နေခဲ့တယ် . ကျွန်မ သူငယ်ချင်းတွေ ဆိုပေမယ့် သူတို့ နဲ့ ကျွန်မနဲ့ က အတန်းတူတူတွေမဟုတ်ဘူး . အတန်းတူ သူငယ်ချင်းတစ်ယောက်က လွဲရင်ကျန်တာတွေက တခြားသင်တန်းကျောင်းက သူတွေချည်းပဲ . တခါမှာ မတွေ့ ဖူးဘဲ ဒါ ပထမဦးဆုံး အကြိမ်မို့ ကျွန်မစိတ်ထဲရွံ့ နေတာလဲ ပါတာပေါ့နော် . အဆင်ပြေပါ့မလား ဆိုတဲ့ စိတ်ကလေးက လဲ ရှိနေတယ် . ဒါပေမယ့် ကျိုက်ထီးရိုး ဘုရားကို တစ်ခါမှ မဖူးဘူးတာရယ် ၊ ဆရာကလဲ ခေါ်တာရယ်ကြောင့် ကျွန်မ ဒီခရီးကို လိုက်လာဖြစ်ခဲ့တာ .

ခုတော့ တန်ခိုးကြီး ဘုရားလဲ ဖူးခွင့်ရတယ် ၊ ကိုယ်မသိတဲ့ လူတွေနဲ့ လဲ ခင်မင်ခွင့်ရပြီး သူငယ်ချင်း အသစ်တွေရတယ် ၊ နောက် ဟောဒီလို မှောင်မိုက်တဲ့ ကောင်းကင်ကြီးမှာ သိပ်ကို လှပပြီး လင်းလက် တောက်ပတဲ့ ကြယ်တွေ ရှိနေတယ် ဆိုတာကို သိခွင့်ရတဲ့ အတွက် ဆရာ့ကို အရမ်းပဲ ကျေးဇူးတင်မိတယ် .

ကျွန်မ သိနေတယ် .ကြယ်လေးတွေဟာ ကျွန်မနဲ့ တူတူ ကျွန်မ ဘေးမှာ အဖော်လုပ်ပေးနေတယ်လို့ ခံစားနေရတယ် . ကျွန်မ စိတ်ထဲမှာရှိတဲ့ အထီးကျန်မှု ဆိုတာဟာ အဲ့ဒီ အချိန်မှာ ဘယ်ချောင်မှာ သွားပုန်းနေတယ် မသိပါဘူး . သူ့ ကို ကြည့်ရတာ ကျွန်မ ကို အနိုင်ကျင့်ဖို့ ထက် သူ လုံခြုံရာမှာ ရှိနေဖို့ ပိုပြီး အရေးကြီးနေပုံပေါ်ပါတယ် . ယောင်လို့ တောင် ခေါင်းမပြူလာဘူးလေ .

ကျွန်မကတော့ ဒီညကို ကျွန်မချစ်တဲ့ ကြယ်လေးတွေနဲ့  စိတ်ရွှင်လန်း ချမ်းမြေ့စွာ ဖြတ်ကျော်ရင်း .............

(၁၉၉၆ အမှတ်တရ ဒီဇင်ဘာ ညသို့ လွမ်းဆွတ်စွာ )

Vampire ချစ်သူ



ပြီးခဲ့တဲ့ စနေနေ့ က ရုပ်ရှင်သွားကြည့်ဖြစ်တယ် . Twilight ကိုပေါ့ . သူက vampire နဲ့ လူနဲ့  ချစ်မိသွားတဲ့ ဇာတ်လမ်းလေးပေါ့နော် . ရုပ်ရှင်ကြည့်မယ်ဆိုတော့ ဘာကြည့်ရမှန်းလဲ မသိတာနဲ့  နောက်ဆုံးတော့ အဲ့ဒီကားလေးပဲ ရွေးဖြစ်သွားတာ . စစကြည့်တော့ ပျင်းဖို့ ကောင်းသလိုပဲ . မင်းသား ပေါ်လာတော့လဲ ဒီမင်းသား ချောလဲ မချောဘူးပေါ့လေ . ပြီးတော့ သူက vampire ဆိုတော့ မျက်နှာက ဖြူဖတ်ဖြူရော်နဲ့  ကြည့်ရတာ လူမမာ ကြည့်နေရသလိုပဲပေါ့ . ဇာတ်လမ်း တစ်ဝက်လောက်ရောက်တော့ မင်းသားကို ကြည့်ရင်း ကြည့်ရင်း ဆွဲဆောင်မှု ရှိလာသလို ခံစားရတယ် . ( စိတ်တွေများ ဖောက်ပြန်နေတာ အဲ့လို ) ဇာတ်လမ်းလဲ ဆုံးသွားရော ကိုယ့်ဘာသာကိုယ်တောင် vampire နဲ့ ရည်းစားဖြစ်ကြည့်ချင်သလိုလို ကို ဖြစ်လာတယ် . ကိုယ့်ရည်းစား များ ကိုယ့်စိတ်ကူး သိရင် ဖနောင့်နဲ့ ထပေါက်ချင်မလား မသိဘူး ရယ် . :D

ခုချိန်ထိ အဲ့ဒီ ကားကို ဆက်ပြီး ကြည့်ချင်နေတုန်းပဲ . ဇာတ်လမ်းကတော့ ဆက်ရန် ရှိသေးသည် ဆိုတဲ့ သဘောမျိုးလေးနဲ့ အဆုံးသတ်ထားတယ် . မင်းသား နာမည် က Robert Pattinson တဲ့ .

Saturday 20 December 2008

ကျွန်မ ချစ်သော ဒီဇင်ဘာ အမှတ်စဉ် ၂

တန်ဆောင်တိုင် ဆိုရင် ကျွန်မ တို့ ရပ်ကွက်မှာ နှစ်ကျိပ် ၈ ဆူ ဘုရားပွဲ ရှိတယ် . လမ်းတိုင်း လမ်းတိုင်း ဘုရားတစ်ဆူစီ ပင့်ပြီး အပူဇော် ခံတာပေါ့နော် . ကျွန်မတို့ လူငယ်တွေကလဲ ၀တ်ရွတ်တဲ့ အဖွဲ့ တွေ နဲ့ လိုက်ပြီး တစ်နေ့  နှစ်ဆူ သုံးဆူ အလိုက် ၀တ်ရွတ်ကြတယ် .

ပွဲပြီးလို့  ဘုရား ကို ကျောင်းပြန်ပို့ ချိန်ကြရင် စီတန်းလို့ အပူဇော်ခံသေးတယ် . ပြီးတော့မှ နိဗ္ဗာန်ဈေး ဆိုပြီး ကျင်းပကြတယ် . နိဗ္ဗာန်ဈေး ဆိုတာက လမ်းထဲမှာ ရှိတဲ့ အိမ်တိုင်း အိမ်တိုင်းက တစ်အိမ်ဆီ ဆိုင် တစ်ဆိုင် ဖွင့်ကြတယ် . မုန့် ဟင်းခါးလဲ ဖြစ်နိုင်သလို ၊ ပေါင်မုန့် ထောပတ်သုပ်လဲ ဖြစ်နိုင်တယ် . ချောကလက်နဲ့ သကြားလုံး ကို ပေါင်းပြီး ထုပ်ထားတာလဲ ဖြစ်နိုင်သလို ၊ အုန်းနို့ သာကူ တစ်ပွဲလဲ ဖြစ်နိုင်ပါတယ် . အဓိက ကတော့ ဆိုင်မှာ တင်ထားသမျှ မုန့် တွေအားလုံးဟာ အလကား ပေးတာမျိုးပါ .

ကျွန်မတို့  အိမ်က ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆိုရင် လူ ၅၀ စာ ပြင်ဆင်ထားပြီး ၊ ကျွန်မ တို့ အတွက် တုံကင် ၁၀ စောင် ပြန်ရပါတယ် . အဲ့ဒီ တုံကင် ၁၀ စောင်က မတူတဲ့ ဆိုင်နံပါတ် ၁၀ ခုပါ . ဒါဆို ကျွန်မ က မုန့် ၁၀ မျိုးရမယ်ပေါ့ . ပိုက်ဆံပေးဝယ်စားစရာ မလိုဘဲ အဲ့ဒီ တုံကင်ပေးလိုက်ရင် ရပါပြီ .

မေမေ့ ကို စားပွဲဝိုင်းလေး ထုတ် ဆိုင်ကူခင်းပြီးတာနဲ့  ကျွန်မ တုံကင် ၁၀ စောင်ယူပြီး မုန့် တွေလိုက်စားတော့တာပါပဲ . တချို့ ဆိုင်တွေက ထိုင်စားရပြီး တချို့ ကတော့ အိတ်ကလေးနဲ့  ပေးလိုက်တာပေါ့ . အိမ်တိုင်း အိမ်တိုင်းမှာ ရှိတဲ့ ကလေးတိုင်းမှာ လက်မှာ အထုပ်ကိုယ်စီ ကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တုံကင် နံပါတ်အလိုက် ကိုယ့်မုန့် လေးတွေ လိုက်ယူကြတာပါပဲ . ကိုယ့်မှာ ရှိတဲ့ နံပါတ်က သူ့ မှာ မရှိလို့ သူ က ဒီမုန့် ကို မစားရ မရှိပါဘူး . တစ်ဦးနဲ့ တစ်ဦး ဖလှယ်စားပြီး ကျွန်မ တို့ ကလေးချင်းလဲ ချစ်ခင် ရင်းနှီးမှု ကို ပိုပြီး တည်ဆောက်ယူနိုင်ကြပါတယ် .

အရမ်းကို ပျော်စရာ ကောင်းတဲ့ ချစ်စရာ ပွဲလေး တစ်ခုပါ . မြန်မာ လူမျိုးတွေရဲ့  ၀ါသနာ လှူဒါန်းမှု တစ်ခုလဲ ဖြစ်ပါသေးတယ် .

ကျွန်မ ချစ်သော ဒီဇင်ဘာ အမှတ်စဉ် ၁

ဒီဇင်ဘာ ရောက်ပြီ ဆိုရင် ကျွန်မ တို့ နိုင်ငံက ရာသီဥတုက ခရီးထွက်လို့ ကောင်းတဲ့ အချိန် ၊ ပြီးတော့ ပွဲတော်များစွာ ကျင်းပ တဲ့အချိန် မျိုးပေါ့ . ကျွန်မ ရင်ထဲမှာ ဒီဇင်ဘာ နဲ့ ပတ်သတ်လို့  အမှတ်ရစရာ အတိတ်တွေ အများကြီးပဲ ရှိတယ် . အဲ့ဒီ ထဲက ပထမဦးဆုံး ပြောပြချင်တာက ကျွန်မ တို့  ငယ်ငယ်လေးကတည်းက နှစ်စဉ် ကျင်းပ လာခဲ့တဲ့ မိုးကောင်းဘုရားပွဲ အကြောင်းလေးပဲ.

ဘယ်အချိန်ထဲက စသလဲ ဆိုတာကိုတော့ မမှတ်မိတော့ဘူး . ဒါပေမယ့် ကျွန်မ သိတတ်တဲ့ အရွယ်ကစလို့  နှစ်စဉ် ဒီဇင်ဘာလ ဆိုရင် မိုးကောင်းဘုရားပွဲ ကို အိမ်မှာ ရှိတဲ့ လူကြီး လူငယ် အကုန် သွားကြတယ်. ငယ်ငယ်ကဆို ဘုရားပွဲ လာပြီဆို သိပ်ပျော်တာပဲ . မေမေ က ကျွန်မ အတွက် အိုးပုတ် အသစ်လေးတွေ ၊ ဒန်နဲ့ လုပ်ထားတဲ့ အိုးခွက်အသေးလေးတွေ ၀ယ်ပေးတာကိုး . ပြီးတော့ ကျွန်မ ကြိုက်တဲ့ ရေမုန့်  ၊ မုန့် လင်မယား ၊ ကြာဇံချက် ၊ ထမနဲ ၊ မုန့် ပေါင်း ၊ ကော်ပြန့် ကြော် စတဲ့ စတဲ့ မုန့် တွေလဲ ဗိုက်ကားအောင် စားနိုင်တယ်လေ . ပြီးတော့ ပွဲတော် အတွင်း လာရောင်းတဲ့ ဖျာ ၊ သနပ်ခါးတုံး စတဲ့ အိမ်အတွက် လိုအပ်တာလေးတွေကို ပွဲတော်ဈေးက ၀ယ်နိုင်တယ်လေ .

ဒါတင် မဟုတ်သေးဘူး . နောက်တစ်နေ့ ကျောင်းရောက်တော့လဲ ဘုရားဈေးမှာ ဘာတွေ ရောင်းတယ် ၊ ဘာတွေ စားခဲ့တယ် ကလေး သဘာဝ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ပြောရတာ ရေပက်လို့ ကို မ၀င်ဘူး . နောက်ပြီး ကျွန်မ တို့ အိမ်က ဘုရားသွားတဲ့လမ်းမှာ ရှိနေတော့ သူငယ်ချင်းတွေက အိမ်ရှေ့ က ဖြတ်သွားတိုင်း ကျွန်မ နာမည် အော်အော် ခေါ်သွားတတ်တာ ၊ ကျွန်မ က လဲ အိမ်ထဲကနေ အူယားဖားယား ပြန်အော် ထူးရတာ သိပ်ပျော်စရာ ကောင်းတဲ့ အချိန်တွေပဲ . ဘုရားပွဲ ပြီးသွားမှာတောင် ကြောက်ပြီး ပွဲတော်ရက် မကုန်ပါစေနဲ့ ချည်း ထိုင်ဆုတောင်းနေမိတော့တယ် .

အရွယ်နဲနဲရောက်လာတော့ ဘုရားပွဲ လာပြီဟေ့ဆိုတာနဲ့ သူငယ်ချင်း မိန်းခလေး ယောက်ျားလေးတွေ အတူတူ ချိန်းပြီး ဘုရားပွဲ သွားကြတယ် . မုန့် တွေ စားတယ် ၊ အရုပ်ပစ် ဘောလုံးပစ် စတဲ့ ကစားစရာတွေကို ကစားတယ် . သူငယ်ချင်းတွေ ရဟတ် စီးတဲ့ အချိန်ကျရင်တော့ ကျွန်မ က အောက်က ရပ်စောင့်ပေါ့ . အဲ့လို မြင့်တာကြီး ကျွန်မ က မစီးရဲဘူးကိုး .

နောက် ဘုရားပွဲ လာပြီး ဆိုရင် ဘုရားဘေး ပတ်ဝန်းကျင်က အိမ်တွေက သူတို့  ခြံတွေကို ဖွင့်ပြီး ပွဲတော်တွင်း အစားအသောက်ရောင်းကြတယ် . တချို့ ကျတော့ ကြာဇံဟင်းခါး ၊ ရှောက်သီးသုပ် ၊ ကော်ပြန့်စိမ်း ၊ ကော်ပြန့် ကြော် ၊ တချို့ လဲ မုန့် ဟင်းခါး ၊ အုန်းနို့ ခေါက်ဆွဲ ၊ တချို့ ကတော့ ဘူးသီး ကြော် ၊ မြင်းခွာရွက်ကြော် ၊ ပဲကြော် အစရှိတဲ့ အကြော်စုံ အစုံ အစုံပေါ့ . ရတဲ့ ပိုက်ဆံက အမြတ်ကို ဘုရားကြီးကို ပြန်လှူတာပေါ့နော် . ကုသိုလ် လဲ ရ ၊ ပျော်လဲ ပျော်ရတဲ့ အလှူတစ်မျိုးပါပဲ .

ကျွန်မတို့ သူငယ်ချင်း တစ်ယောက်ရဲ့  အိမ်ကလဲ အဲ့လို ရောင်းတော့ ကျွန်မတို့ မှာ ပွဲတော်တွင်းဆို သူ့ ဆိုင်မှာ အားပေးရတာ အမော . စားလို့ လဲ ကောင်းတာကိုး .. သူတို့ ဆို ရောင်းရတာ လက်တောင် မလည်ဘူး .

မှတ်မိသေးတယ် . အင်း ကျွန်မ အသက် ၁၃ နှစ် ၁၄ နှစ်လောက် တော့ ရှိပြီထင်တယ်. ဘုရားပွဲမှာ မန္တလေး သိန်းဇော် ဇာတ်ပွဲလာလို့  မေမေရယ် ဖေဖေရယ် ကျွန်မရယ် ၊ ကျွန်မတို့ ဘေးအိမ်က အသိ အန်တီရယ် သူ့ သမီးငယ်လေး နှစ်ယောက်ရယ် သွားကြည့်ကြတာ ..

ဘ၀မှာ ခုချိန်ထိ တခါတည်းသော ကြည့်ခဲ့ဖူးတဲ့ ဇာတ်ပွဲပဲ . အရင်က ကျွန်မ က ဇာတ်ပွဲဆိုရင် ပျင်းစရာကောင်းလိမ့်မယ်လို့ ထင်ထားတာ .. အိုးး ဘယ်ဟုတ်လိမ့်မလဲ . စတိတ်ရှိုး ၊ ဆက်ကပ် ၊ နှစ်ပါးသွား အစုံအလင်ပဲ .. ပွဲပြီးတဲ့ အထိ ထိုင်ကြည့်ပြီးမှကို ပြန်လာကြတယ် . ခုတွေးကြည့်ရင် ခုချိန်ထိ မျက်စိ ထဲမှာ မြင်နေတုန်းပဲ .

ဟိုတစ်ပတ်က အိမ်ကို ဖုန်းဆက်တော့ မေမေက မိုးကောင်းဘုရားပွဲ သွားမလို့ လို့ ပြောလိုက်တာ ကျွန်မ မှာ တော်တော် လွမ်းသွားတယ် . လူကသာ နေရာမှာရှိနေတယ် စိတ်ကတော့ လွင့်သွားလိုက်တာ ဘုရားပွဲ ဆီကိုပဲ . ဒီချိန်ဆို ကျွန်မ သူငယ်ချင်းတွေ အရင်လို ချိန်းပြီး ဘုရားပွဲ ကို သွားလောက်ရောက်ပေါ့ . တစ်ယောက်လက် တစ်ယောက် မြဲမြဲ ဆုပ်ကိုင်ပြီး လူတွေ ကြားထဲ တိုးလို့  ပွဲဈေးတန်း အစုန် အဆန် လျှောက်နေလောက်ပြီ . သူငယ်ချင်း အိမ်ကရော အစဉ်အလာ မပြတ် ကြာဇံချက် ရောင်းအုံးမှာလား . သူငယ်ချင်းတွေကရော ထုံးစံ အတိုင်း ကြာဇံချက်ကို ရှောက်သီးသုပ်နဲ့ တွဲဖက်လို့  ကော်ပြန့် ကြော် ပူပူလေး အချဉ်ရည် တို့ တို့ ပြီး စားနေကြပြီလား . ခု ကျွန်မ ခင်းပြီး ထိုင်ထားတဲ့ ဖျာလေး က ဟိုး တစ်နှစ်က မေမေ ဘုရားပွဲ က ၀ယ်လာပေးတာလေး . ဒီနှစ်လဲ ဘယ်ဒေသ က ဘာကုန်စည်တွေ ပွဲဈေးမှာ ရောင်းနေကြပြီလဲ .

အတွေး ပေါင်း များစွာနဲ့  ကျွန်မကတော့ နေရာမှာ မလှုပ်မယှက် .....

Saturday 13 December 2008

ချစ်ရပါသော ကိုရွှေသွား ပေးသော သုခ

အိမ်ကလေးထဲကို ပြန်ရောက်ရောက်ချင်း ဒုက္ခ တွေကို ပြောတယ်လို့ တော့ မထင်ပါနဲ့ လေ . စင်ကာပူမှာ သွားဆေးခန်းသွားရခြင်း ရဲ့  အကြောင်းလေးကို ကျွန်မ ရဲ့ မိတ်ဆွေ တွေကို ပြောပြချင်လို့ ပါ .

ကျွန်မ ရဲ့  ဘယ်ဘက် အံဆုံး အောက်သွားက ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်က စလို့ နာလာပါတယ် . အမှန်တော့ သွားက ထွက်နေပြီးသားပါ . အခန့် မသင့်တော့ သွားဖုံးတွေ ယောင်ပြီး နာလာတာပေါ့လေ . ပါးကြီးပါ ဖောင်းတတ်လာပြီး တံတွေးတောင် မြို မကျနိုင်လောက်အောင် နာလာတော့ ကျွန်မ လဲ သွားဆရာဝန်ဆီ ပြေးရတော့တာပေါ့လေ .

ပထမ ကုပ္မဏီ ဆေးခန်း ကို သွားတော့ သွားဆရာဝန်က မရောက်သေးပါတဲ့ . ဆရာဝန် လာဖို့ နောက်ထပ် ၂ နာရီလောက် စောင့်ရအုံးမယ့်အပြင် တခြား appointment လူနာ ရှိတဲ့ အတွက် အနဲဆုံး ၃ နာရီစောင့်ရမယ့် အခြေအနေဆိုတော့ ကျွန်မလဲ ကျွန်မ အိမ်နဲ့  အနီးဆုံး သွားဆေးခန်းကို ပြေးလိုက်တော့တယ် .

ကျွန်မ သွားတဲ့ သွားဆေးခန်း က ဒီမှာဆိုရင်တော့ အစိုးရ ဖက်စပ် ဖြစ်မလား အစိုးရ ဆေးခန်း ဖြစ်မလား မသိဘူး . သေချာတာတော့ ကိုယ်ပိုင် ဆေးခန်း မဟုတ်တာပါပဲ . ဒီနိုင်ငံရဲ့ ထုံးစံ အတိုင်း တန်းတော့ စီရတာပေါ့လေ . လူလွတ်တဲ့ ကြားမှာ ကျွန်မကို ထည့်ပေးတဲ့ အတွက် ဆေးခန်းရောက်ပြီး ၁ နာရီကျော်တော့ ဆရာဝန်နဲ့ တွေ့ ခွင့်ရပါတယ် . ဆရာဝန်က ကျွန်မ သွားကို ကြည့်ပြီး နုတ်ရမယ်လို့ ပြောပါတယ် . သူက အပေါ်သွားရော အောက်သွားရော နုတ်ပစ်လိုက်ပါတဲ့ . ဒါနဲ့ ကျွန်မ က ၂ ချောင်းစလုံးတော့အနုတ်မခံနိုင်ပါ . အောက်သွားပဲ နုတ်ချင်နုတ်ပါ ဆိုတော့ နုတ်ရော ဆိုပါတော့ ..

ထုံဆေးကို တစ်လုံး ( ပထမ နှစ်လုံးလို့ ထင် ) ပဲ ထိုးပေးပြီး နုတ်တဲ့ အချိန်မှာ သူ့ ရဲ့ ဖိအားမဟုတ်ဘဲ နာတဲ့ ဝေဒနာကို ခံစားရလို့  ကျွန်မမှာ မျက်ရည်ပေါက်ပေါက် ကျရပါတယ် . နာတာရော ၊ ၀မ်းနည်းတာရော ပေါင်းပြီးကျွန်မရဲ့ မျက်ရည်က ထိန်းမရနိုင် တားမရ ဆည်းမရ ကျလာပါလေရော . ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်တာ နေမကောင်းဖြစ်တဲ့ အချိန်မှပဲ ကိုယ့်ရဲ့ စိတ်ဟာ ဘယ်လောက်ထိ ပျော့သလဲ ဆိုတာ သိလိုက်ပါတော့တယ် .

ဒါနဲ့ ကျွန်မ မှာ ဆရာဝန်ပေးတဲ့ ဆေးခွင့် ၅ ရက်နဲ့  antibiotic ဆေးတွေ ပိုက်ပြီး အိမ်ပြန်ရောက်တော့ စိတ်ထဲ ထိန်းမရဘဲ အော်ငိုလိုက်ပါသေးတယ် . နဲနဲ နေသာ ထိုင်သာ ရှိမှ ဆေးသောက်ပြီး အိပ်လိုက်တာ ၃ နာရီကျော်လောက် အိပ်ပျော်သွားပြီး နိုးလာတော့ ကျွန်မ ခေါင်းအုံး တစ်ခုလုံး သွေးတွေ ရွှဲနေပါလေရော . ကျွန်မ လဲ လန့် ဖြန့် ပြီး ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ ၊ ပါးစပ်ထဲမှာလဲ သွေးတွေက အထွေးလိုက် ၊ ဆရာဝန်က သွေးကို ထွေးမထုတ်ရဘူးဆိုတော့ ( သွေးမှမဟုတ်ပါ ဘာမှ ထွေးမထုတ်ပါနဲ့ တဲ့ ) မထွေးရဲ ၊ မျိုချဖို့ ကျတော့လဲ စိတ်က မရဲ ၊ ဟိုဟာလို ဒီဟာလို နဲ့ နောက်ဆုံး ဖြစ်ချင်ရာဖြစ် မောင်ဘချစ် နှလုံးမူပြီး စိတ်ကိုလျော့ချလိုက်ပါတယ် .

ဆေးသောက်နေတဲ့ ၄ ရက်ကျော် ၅ ရက်ကတော့ အဆင်ပြေပါရဲ့  . ဆေးလဲကုန်ရော ချုပ်ရိုးမဖြည်ခင် စပ်ကြား သွားဖုံးပြန်ယောင်သလို ခံစားရပြီး သွားကိုက်တဲ့ ဝေဒနာကိုပါ ခံစားရပါတယ် . ဒါနဲ့  ချုပ်ရိုးဖြည်တဲ့ နေ့ ရောက်တော့ ဆရာဝန်ကို ပြော ဓါတ်မှန်ပြန်ရိုက်ပြီး ကြည့်တော့ သွားဖုံးက ပြန်မစေ့ပဲ ဟနေတာကို တွေ့ ရပါတယ် . ( ဒါတောင် ပထမ ဆရာဝန်က ကောင်းတယ် ချည်း ပြောလွှတ်နေတာ )

ဒါနဲ့ ဆရာဝန်က သွားဖုံးကို ပြန်လှန်ပြီး အထဲမှာ ဘာရှိလဲ ကြည့်ရပါမယ်တဲ့ . သူ့ စကားအဆုံးမှာ ကျွန်မ ရဲ့  မျက်လုံးဟာ ပြူးထွက်ပြီး မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်သွားမယ် ဆိုတာ မှန်မကြည့်ဘဲ ကိုယ့်ဟာကိုယ် သိနေပါတယ် . ဆရာဝန်က no choice must do ချည်းပဲ ပြောနေတော့ ကျွန်မလဲ ကြောက်ကြောက် နဲ့  ရှုံမဲ့ ရှုံမဲ့ ရုပ်နဲ့ ပဲ ထုံဆေး ထပ်ထိုးခံရတော့တာပေါ့ . ( ဒီတစ်ခါတော့ ကျွန်မ က နာတယ်လို့  ပြောလို့ လားမသိဘူး သူက ထုံဆေး ၂ လုံး ထိုးပေးပါတယ် )

နောက် သွားဖုံးကို ပြန်ခွဲပြီး အထဲက အရိုးကို ထုတ်တယ်လို့ ဆိုပါတယ် . ပြီးတော့ ဆေးတွေ ထပ်ပေးပြီး နောက်တစ်ပတ် ချုပ်ရိုးပြန်ကြည့်မယ် ဆိုပြီး အိမ်ပြန်လာခဲ့ပါတယ် . စိတ်ထဲမှာတော့ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲလို့ မှတ်ယူပြီး အိပဲ့ အိပဲ့ နဲ့ ပေါ့လေ .

အရှေ့ အပတ်က သွားနာလို့  မစားနိုင်တဲ့ဒဏ် ၊ ဆေးဒဏ် ၊ အခု ထပ်ပြီး မစားနိုင်တဲ့ ဒဏ်တွေကြောင့် ကျွန်မရဲ့  အစာအိမ်ရောဂါဟောင်းကလဲ ပြန်ပေါ်လာပြီး ကျွန်မမှာ သွားနာတဲ့ ဝေဒနာ အပြင် အစာအိမ် အောင့်တဲ့ ဝေဒနာကို ခံစားရပါတယ် . တစ်ပတ်တိတိ ထပ်မံ ဆန်ပြုတ်သောက်ပြီးချိန်မှာတော့ မနေ့ က သွားချုပ်ရိုးကို အောင်မြင်စွာနဲ့ ကောင်းမွန်စွာ ဖြည်နိုင်ခဲ့ပါတယ် .

ဒါတောင် လူက သိပ်ပါးစပ်ဟလို့ မရသေးပါဘူး . သွားဖုံးကတော့ နောက်ထပ် ၃ လလောက်နေရင် အသားပြည့်မယ် ပြောပါတယ် .

လူလဲ အဲ့ဒီ နေမကောင်းတဲ့ အချိန်တွေ အတွင်းက ဘုရား တရား တော်တော် မြဲသွားခဲ့ပါတယ် . ( ကြောက်ကြောက်နဲ့ ဘုရားကြီး ထိုင်ရှိခိုးနေတာလေ ဟီးဟီး )

လုပ်ဖော်ကိုင်ဖက် စလုံး များကတော့ အစိုးရ ဆေးခန်း သွားလို့ လို့ ဆိုပါတယ် . ကျောင်းပြီးခါစ ဆရာဝန်ပေါက်စ များက အစိုးရဆေးခန်းများတွင် ထိုင်တတ်ကြောင်း ၊ နောက်တစ်ခါဆိုရင် ဆရာဝန်ကို အရင်ကြည့်ပြီးမှ လုပ်သင့်ကြောင်း ၊ ဆေးရုံ ဆေးခန်း ဆိုလျှင်လဲ NUH နှင့် SCH ဆိုလျှင် SCH က ပိုကောင်းကြောင်း စသည့် စသည့် များကို သင်ယူလိုက်ရပါတယ် .

ကျွန်မ ၏ ဒီဇင်ဘာအစ ကတော့ ပိုက်ဆံကုန် ၊ လူပန်း ၊ စိတ်ဆင်းရဲ ရသော အချိန်များ ဖြစ်သွားသည်ပေါ့ . ကျန်တဲ့ နှစ်ပတ်တော့ ပျော်စရာကောင်းမယ် မျှော်လင့်ရတာပဲ . ပျော်ကို ပျော်ရမှာပါနော် . ဟဲဟဲ . ကိုယ်ထင် ကုတင် ခြေလေးချောင်းပေါ့ .

ကျွန်မ ရဲ့  သူငယ်ချင်းတွေက ကျွန်မ ကို သွား ကို ပြန်တောင်းမလာလို့  ၀ိုင်း ပြောနေကြတယ်လေ . အဲ့ဒီ သွားကို ရွှေချထားပြီး သိမ်းထားရမှာတဲ့ . အမှတ်တရ ပေါ့တဲ့ . ကျွန်မ အတွက်ကတော့ မသိမ်းထားလဲဘဲ တကယ်ကို အမှတ်တရ ပါပဲ. ဘယ်တော့မှ မေ့နိုင်လိမ့်မယ် မဟုတ်ဘူး .

ဖုန်တက်နေသော အိမ်ကလေး ..

တစ်နေ့ တစ်နေ့  ဘာမှန်းမသိတဲ့ အလုပ်တွေ ရှုပ်နေတာနဲ့  ကျွန်မရဲ့ အိမ်လေးကို ပစ်ထားမိခဲ့တာ ကြာပြီကော . ခုတော့ အိမ်ကလေးကို ဖုန်သုတ်ရင်း ပြတင်းပေါက်လေးကို ဖွင့်လိုက်ပါပြီ . တွေ့ သမျှ ကြုံသမျှ ခံစားရသမျှ ကို ဝေမျှဖို့ ပေါ့ ..

Wednesday 2 April 2008

ကျွန်မ နားမလည်နိုင်ဘူး

ကြိုးစားရုန်းကန်ခဲ့ရတဲ့ ဘ၀မှာ ဘယ်တော့များမှ အလုံးစုံ ပြီးပြည့်စုံတဲ့ ၊ စိတ်ချမ်းသာ ပျော်ရွှင်ခြင်းကို ပိုင်ဆိုင်နိုင်မှာလဲ .

ကျွန်မ လျှောက်ခဲ့တဲ့ လမ်းမှာ တစိမ်း တရံ တွေဟာ သွယ်ဝိုက်သော နည်းအားဖြင့် လည်းကောင်း ၊ တိုက်ရိုက် နည်းအားဖြင့် လည်းကောင်း ကျွန်မကို မကူညီကြပါဘူး .

ကျွန်မ အောင်မြင်မှု ရချိန်မှာ မျှဝေမခံစားပေးရင်တောင် အနှောင့်အယှက် မပေးဘူးဆိုရင် ကျွန်မ ကျေနပ်ပါတယ် .

လှေကားတစ်ထစ် ကို အောင်မြင်စွာ တက်နိုင်ခဲ့ပေမယ့် နောက်လှေကားတစ်ထစ်ကို တက်ဖို့ အတွက် ကျွန်မ ကျော်ဖြတ်ရမယ့် အဆင့်တွေ အများကြီးပဲ .

ခု ကျွန်မ မှာ အင်အား မရှိဘူး ဖြစ်နေတယ် .

ကျွန်မ ခဏလောက် နားချင်တယ် . ဒါပေမယ့် နားခွင့် မရှိဘူး . အမောပြေ ရေတစ်ပေါက်လောက် မျှော်လင့်မိပေမယ့် ကမ်းပေးမယ့် လက်တစ်စုံကို ကျွန်မ ရှာမတွေ့ ခဲ့ဘူး .

စိတ်လျော့ လိုက်ပါပြီ. ဖြစ်ချင်တာထက် လုပ်ချင်တာကိုပဲ လုပ်ဖို့ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချလိုက်တာဟာ ကျွန်မ အတွက် ပိုပြီး စိတ်သက်သာရာ ရစေပါလိမ့်မယ် .

Wednesday 26 March 2008

ကျွန်မ နှင့် တံမြက်စည်း

ခု လောလောဆယ် ကျွန်မ ရဲ့  ခြေထောက်တွေကို ကျွန်မ သိပ်မုန်းနေမိတယ် . ကျွန်မ ခြေထောက်တွေက တဆိတ်တော့ လွန်လွန်းတယ် ထင်တယ် . ကိုယ့်ပိုင်ရှင် ရုံးက ပင်ပင်ပန်းပန်း ပြန်လာတာ ကို သိရဲ့ သားနဲ့  ဖုန်တွေကို နင်းလိုက်မိတာနဲ့  တခါတည်း တန်းပြီး ဦးနှောက်ကို report လုပ်တော့တာပါပဲ . ဦးနှောက်က ခြေထောက်ဆီက သတင်း တက်လာတာနဲ့  တံမြက်စည်းလှည်းဖို့  ကျွန်မ ကို ခိုင်းတော့တာပဲ . ပင်ပင်ပန်းပန်းနဲ့  ပြန်လာတာ နားချင်နေပြီဟာကို ဦးနှောက်က ခိုင်းတော့ လူက တံမြက်စည်း ကောက်ကိုင်ပြီး လှည်းရတော့တာပေါ့ . ဒါကြောင့် ကျွန်မ ပြောတာ . ကျွန်မ ရဲ့ ခြေထောက်တွေကို ခု သိပ် မုန်းတာပဲလို့ ..

ကျွန်မ က ဖုန် ကို အရမ်း sensitive ဖြစ်တယ် . ခြေထောက်ချတာလိုက်နဲ့ ကြမ်းပြင် ဖုန် ရှိ မရှိ သိတယ် . ဖုန်သိပ်ထူရင် ဟတ်ချိုး ချီရော . အခန့် မသင့်ရင် အာသီးပါ ယောင်လိုက်သေးတယ် . ပြီးတော့ ကျွန်မ ရဲ့ အသားတွေက ဖုန် ထိရင် ယားလာတတ်တယ် . ကုတ်ရင် အနာဖြစ်ကော . ဒါကြောင့် လဲ ခြေထောက်က ဖုန် ကို ထိမိပြီ ဆိုတာနဲ့ လူက အလိုလို စိတ်ညစ်ပြီး တံမြက်စည်း ကောက် ကောက်လှည်းရတော့တာပဲ .

ကျွန်မ ငယ်ငယ် က ကျွန်မ ဖေဖေ က အစိုးရ ကျောင်းက အငြိမ်းစားယူပြီးနောက်ပိုင်း အိမ်မှာ စာသင်ကျောင်းလေး ဖွင့်ထားတော့ တစ်နေ့ ကို တံမြက်စည်း ၃ ခါထက် မနည်း လှည်းရတယ် . အတန်း တစ်တန်း ဆင်းသွားပြီးရင် တစ်ချိန် နဲ့ တစ်ချိန် နာရီဝက်လောက် နားတဲ့ ကြားမှာ တံမြက်စည်း လှည်းရတယ် . ပြီးတော့ အိမ်မကြီး ဧည့်ခန်း ၊ လူနေ အိပ်ခန်း ၊ ထမင်းစားခန်း ၊ မီးဖိုချောင် တွေအားလုံးကို တံမြက်စည်း လှည်းတဲ့ တာဝန်ကလည်း ကျွန်မ ပဲ . နောက် ကျွန်မ အကို ကျောင်းတက်တုန်း တစ်ဖက်တစ်လမ်း ၀င်ငွေ ရအောင် ဆိုပြီး ဖွင့်ထားတဲ့ စာအုပ်ဆိုင်လေး မှာလည်း ဆိုင် မဖွင့်ခင် တံမြက်စည်း လှည်းပေးရတယ် .

ည ၈ နာရီ သို့ မဟုတ် ၉ နာရီ အတန်းပြီးပြီ ဆိုတာနဲ့  ရေဘုံဘိုင်က လာတဲ့ ရေကို သောက်ရေစစ် နဲ့ သေသေချာချာ စစ်ပြီး အိမ်မှာ ရှိတဲ့ ရေအိုး သုံးအိုး ကို ဖြည့်ရတယ် . တစ်အိုးက အိမ်သားတွေ သောက်ဖို့  ၊ နောက်တစ်အိုး က စာသင်ကျောင်းသား တွေ သောက်ဖို့  ၊ နောက်တစ်အိုးက အိမ်ရှေ့ က ဗံဒါပင် အောက်မှာ လမ်းသွား လမ်းလာတွေ သောက်ဖို့  အိမ်ကလေးနဲ့ ထည့်ထားတဲ့ အိုး ။

နွေရောက်ပြီ ဆို အိမ်ရှေ့ ဗံဒါပင် က သစ်ရွက်တွေ အကုန် ကြွေတော့တာပဲ . မေမေ က အုန်းတံမြက်စည်းနဲ့ လှည်းရင် မေမေ ခါးနာမှာစိုးလို့  ယူလှည်းရင်း က နောက်တော့ အရွက်ကြွေတွေ လှဲတဲ့ တာဝန် ၊ မီးရှို့ တဲ့ တာဝန်လည်း ကျွန်မ ပဲ ယူလိုက်တယ် .

နွေ ဆိုရင် ရိုးတံပြိုင်းပြိုင်း ထနေတဲ့ ဗံဒါပင် ကြီးကို ကြည့်ပြီး ကျွန်မ မှာ လွမ်းသလို ၊ ဆွေးသလို ခံစားရတာ အမြဲပဲ . အပင်အောက်မှာ အရွက်ဝါတွေ သိပ်များနေပြီ ဆို ကျွန်မ စိတ်တွေ ညစ်လာရော ၊ အိမ်ပေါက်ဝ မှာ ထောင်ထားတဲ့ အုန်းတံမြက်စည်း ယူပြီး အကုန် လုံးကို လှည်းတော့တာပဲ . လှည်းပြီးလို့ အပင်အောက်မှာ ရှင်းသွားပြီ ဆိုရင် အရမ်း စိတ်ချမ်းသာတယ် . အခု ဒီမှာ လမ်းသွားရင်း လာရင်း အပင်အောက်မှာ အရွက်တွေ ပြန့် ကြဲနေရင်လေ အုန်းတံမြက်စည်း ယူပြီး လှည်းပေးလိုက်ချင်တယ် တကယ်ပဲ . ဒါပေမယ့် အချိန်တန်ရင်တော့ သူတို့  အစိုးရ က ငှားထားတဲ့ လူတွေ လာရှင်းသွားတာပါပဲ . အော် ကျွန်မ တို့ နိုင်ငံမှာဆိုရင်တော့ ကျွန်မ တို့ တွေ တပိုင် တနိုင် လုပ်ကြတာပါပဲ . မြူနီစပယ် လာလှည်းလိမ့်မပေါ့ ဆိုတဲ့ စိတ်မျိုး မပေါ်ခဲ့ဖူးဘူး .

အင်း တစ်နေ့ နေ့ တော့ ကျွန်မ ငယ်ငယ်ကလို ခြံကျယ်ကျယ် ၊ အိမ် ကျယ်ကျယ် ၊ အပင်တွေနဲ့  ပန်းတွေနဲ့  ဝေေ၀ဆာဆာ အေးအေး ချမ်းချမ်း ရှိတဲ့ အိမ်မျိုး ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် .

Sunday 23 March 2008

အချိန်

လူတစ်ယောက် ရဲ့  ဘ၀ မှာ ထိတ်လန့် စရာ အဖြစ်အပျက် တစ်ခုကို ကြုံတွေ့ လိုက်ရတဲ့ အခိုက်အတန့် မှာ သူဟာ သူ့ ရဲ့  အိမ်မက်ဆိုးက နိုးထ နိုင်ဖို့ အတွက် အချိန် အတိုင်းအတာ တစ်ခု လိုပါတယ် . အဲ့ဒီ အချိန်ဟာ တစ်ရက် သို့ မဟုတ် တစ်လ သို့ မဟုတ် တစ်နှစ် သို့မဟုတ် ၁၀ နှစ် လည်း ဖြစ်နိုင်သလို ၊ သူ ရဲ့  ဘ၀ တစ်သက်တာလုံးလည်း ဖြစ်ချင် ဖြစ်သွားပါလိမ့်မယ် .သူ့ ရဲ့  နဂို ဘ၀ ၊ နဂို စိတ်အခြေအနေ တစ်ခုကို ပြန်ရောက်ဖို့ ကျွန်မ တို့ တွေ ဟာ သူ့ ကို အချိန်မပေးသင့်ပါဘူးလား . ကူကယ်ရာမဲ့နေတဲ့ လူတစ်ယောက်ကို လက်တစ်ဖက် ကမ်းပေးလိုက်ဖို့  ၀န်မလေးတဲ့ လူတွေ ရှိသလို ၊ မြောင်းထဲကို ကန်ချဖို့ ကြိုးစားနေတဲ့ လူတွေလည်း ရှိပါလိမ့်မယ် . တချို့ ကျတော့ နားလည်မပေးတတ်ခြင်းပါ . မကူညီ သလို ၊ တွန်းလည်း မချပါဘူး ဆိုပေမယ့် ထိုသူ တို့ ရဲ့  နားလည်မပေးတတ်ခြင်းဟာ သူ့ ကို ပိုပြီး အကျပ်အတည်းဖြစ်စေပါတယ် . သူ့ အတွက် အနှောင့်အယှက် တစ်ခု ဖြစ်စေပါတယ် . သူ့ ရဲ့ ကြိုးပမ်းမှု ကို အသိအမှတ် မပြုဘဲ စကားတင်း ဆိုနေတာကရော …. လောကမှာ အသက်ရှူပုံ ကွဲပြားတဲ့ လူတွေ အများကြီး ရှိနေသရွေ့ ကာလပတ်လုံး အိမ်မက်ဆိုး ရှည်သူတွေ ရှိသလို ၊ အိမ်မက်ဆိုးက ရုန်းထွက်နိုင်သူတွေ ၊ အိမ်မက်ဆိုး မမက်ဘူး သေးသော သူတွေ အများကြီး ကို ကျွန်မ တို့ ကြုံတွေ့ ရအုံးမှာပါ .

ကျွန်မ ၏ ဖိနပ်


ကျွန်မ သိပ် သဘောကျတဲ့ ဖိနပ်လေးပါ . ကျွန်မ စီးနေကြ တံဆိပ် လေး လဲ ဖြစ်တယ် . ဈေးကလဲ သိပ် မဆိုးတာနဲ့  ၀ယ် လာဖြစ်ခဲ့တာ . ကိုယ် စီးနေကျ တံဆိပ် ဖြစ်တာနဲ့  ဖိနပ်ပုံလေးလဲ ကြိုက်တာနဲ့ ဝယ်လာလိုက်တာ စစီးတဲ့ နေ့ မှာပဲ ပြသနာ ပေါ်တော့တာပါပဲ . ကျွန်မ ခြေထောက်က အပြားကြီးတော့ ခြေချောင်းတွေကို စီးထားသလို ဖြစ်နေတဲ့ ဖိနပ်မျိုး ၀တ်ရင် ခြေထောက်အရမ်းနာပါတယ် . ဖိနပ် ရှေ့  ကြိုးမာမာလေး က ကျွန်မ ခြေထောက်တွေကို စီးနှောင်ထားသလို ခံစားရပြီး စ၀တ်တဲ့ နေ့ မှာပဲ ကျွန်မ ခြေသန်းနှစ်ဖက်မှာ ပလာစတာ ကိုယ်စီ နဲ့ ဖြစ်သွားပါတော့တယ် . သေသေ ချာချာ စီးမကြည့်မိတဲ့ ကိုယ့်ကိုယ်ကိုယ် ပဲ အပြစ်တင်လိုက်မိပါတော့တယ် .

Friday 21 March 2008

သူမ

သူမ သည် ဖယောင်းရုပ်ထု တစ်ခု မဟုတ်သလို ကျောက်ဆောင် တစ်ခု လည်း မဟုတ်ခဲ့ပါ ။

သူမ တွင် ချစ်ခြင်း ၊ မုန်းခြင်း ၊ သနားခြင်း ၊ ရက်စက်ခြင်း ၊ အားနာခြင်း ၊ အရွဲ့တိုက်ခြင်း စသည့် အစွန်း တစ်ဖက်စီ ရောက်နေသော ခံစားမှု များ ရှိပါသည် ။

သူမ ၏ ပိုင်ဆိုင်မှု အား စွန့် လွှတ်ဖို့  ၀န်မလေးတတ် သလို သူမ လိုချင်သည့် အရာများ အားလည်း ရယူဖို့  ၀န်လေး တတ်သူ မဟုတ်ပေ ။

သူမ ဘေးတွင် ရှိသော သူများ အား သူမကို နားလည်ပေးပါရန် မတောင်းဆိုတတ် သကဲ့သို့  ထိုသူ များ အား နားလည်ပေးနိုင်ရန်လည်း သူမ မကြိုးစားတတ်ခဲ့ ။

သူမ မျက်နှာတွင် ဟန်ဆောင် အပြုံးကို မမြင်ရတတ်ပေ ။ ထို့ အတူ သူမ ကို ဟန်ဆောင်ပြုံးပြသော သူများ အားလည်း သူမ က ပြန်မပြုံးပြ တတ်ချေ ။

သူမ ကို လူမှုရေး ခေါင်းပါးသူ ဟု သမုတ် နိုင်သလို ၊ နှလုံးသား မဲ့ သူ ဟုလည်း ခေါ်ချင်သူများ ရှိသည် ။

သို့ သော် သူမ သည် မည်သူ့  စကားကိုမှ ဂရုစိုက်လိမ့်မယ် မဟုတ်ပေ ။ သူမ သွားလိုသော ပန်းတိုင်သို့ ရောက်အောင်သာ ဆက်သွားလိမ့်မည် ဖြစ်သည် ။

အမှန်တော့ သူမ သည် ခံစားတတ်သူ ဖြစ်သည် ။ အများ မိုးခါးရေ သောက်ချိန်တွင် ထိုမိုးခါးရေ အား ကြိတ်မှိတ် မြိုချ ရန် ကြိုးစားခဲ့ဖူးသူ ဖြစ်သည် ။ သူမ ဘေးမှ ဟန်ဆောင် နေသူ များအား လိုက်လျောညီထွေမှု ရှိစေရန် သူမ၏ စိတ်ကို သူမ အစွမ်းကုန် နှိမ့်ချ ခဲ့ဖူးသည် ။ သို့ သော် သူမ မအောင်မြင်ခဲ့ပါ ။

သူမ မိုးခါးရေ မသောက်နိုင်ခဲ့ပါ ။ သူမ ခံစားမှု များသည် လောက ၏ ၀ါးမြို ခြင်းကို ခံခဲ့ရသည် ။ သူမ ဘေးတွင် ရှိသော သူများ ၏ အလိုကို လိုက်ရန် ကြိုးစားခဲ့သော်လည်း ထိုသူ များ ၏ အပြစ်တင် ပြောဆိုခြင်း ကိုသာ သူမ ရရှိခဲ့သည် ။ ထိုသူတို့ စိတ်ကျေနပ်မှု ရစေရန် သူမ မစွမ်းနိုင်ခဲ့ ။

ထိုကြောင့် သူမ သည် ပြောင်းလဲ သွားခဲ့ခြင်း ဖြစ်သည် ။

သူမ ကို နားလည်သော သူများ ကျန်ခဲ့သလို ၊ သူမ ကို နားမလည်နိုင်သောသူများ ထွက်ခွာသွားကြသည် ။ သူမ ၀မ်းနည်းမှု မဖြစ်ပါ ။ ၀မ်းသာမှုလည်း မဖြစ်ခဲ့ပါ ။ သူမ သည် သူမ ဘ၀ ခရီးလမ်းကို ဆက်လျှောက်ရန်သာ ကြိုပမ်းနေပါတော့သည် ။

Wednesday 19 March 2008

ကဗျာ(မ)ဆန်သောနေ့

မနေ့ ကတော့ ကျွန်မ ရဲ့  ကဗျာ ဆန်သော နေ့ တစ်နေ့ ပါပဲ .
စိတ်ပျက်ဖို့ ကောင်းလောက်အောင် ကဗျာ ဆန်ပါတယ် . ရုံးက နေ့ တစ်ဝက် ခွင့် ယူပြီး ICA ကိုသွား ၊ လမ်းမှာလဲ အိမ်က လူကြုံ ပေးလိုက်တဲ့ အထုပ်ကို MOM မှာ ၀င်ယူရသေးတယ် . ပြီးတော့မှ ICA ကိုသွားတော့ ဟိုရောက်တော့ ၂ နာရီ ခွဲလုပြီ .
ခပ်သုတ်သုတ် Q စီ ပြီး နံပါတ် ယူ ဟိုကောင်တာ ဒီကောင်တာ ကောင်တာ
ကောင်တာ သုံးခု ကူးပြီးတဲ့ အချိန်မှာ ကိုယ့်အိတ်ထဲက စလုံး ၂၀၀ လဲ ပါသွားပြီချိန်မှာ လက်က နာရီကလဲ ည ၇ နာရီ ကျော်သွားပါလေရော . အော် စင်ကာပူမှာ အစိုးရရုံးက လူတွေ အိုတီလုပ်တယ်လို့ ခုမှ သိတော့တယ် . ကိုယ်လဲတော်တော် အီစလံ ဝေနေပြီလေ . လူက ဗိုက်ဆာလွန်းလို့  စကားတောင် မပြောနိုင်ဘူး . City Hall ကိုပြေး Peninsula မှာ ၀င်ပြီး ထမင်းစား ၊ လက်ဖက်ရည်သောက်ပြီးမှပဲ အသံထွက်နိုင်တော့တယ် . အဖြစ်က မနှစ်ကနဲ့ မတူဘူး ဆိုတာ ဒါပေါ့ . လူကတော်တော် ဟိုက်သွားတယ် .

ဒါတောင် မပြီးသေးဘူး . နောက်တစ်ပတ် တစ်ရက်ထပ်သွားရအုံးမယ် .တော်ပြီ ခွင့်တော့ မယူတော့ဘူး . သူများ ငြိုငြင်တယ် . ကိုယ့်ဘာသာကိုယ် စနေ နေ့ မနက်ပိုင်းပဲ အိပ်ရေးအပျက်ခံ စောစော ထသွားလိုက်တော့မယ် . မထူးပါဘူးလေ . ဟင်းးး .

ဟားဟား . စကားစပ်လို့  ပြောရအုံးမယ် . ကိုယ့်ရဲ့  မန်နေဂျာက သိပ်ရီရတာပဲ . ကိုယ့်ကို KL မှာ Training သုံးရက်သွားတက်ခိုင်းတယ် . ကိုယ်ကလဲ အိုကေ ပေါ့ . Visa ယူရမယ် ဆိုတော့ သူတို့ က သူတို့ ဟာ သူတို့ လုပ်တယ် . ရပါတယ် ပြသနာ မရှိပါဘူး . လုပ်ပေါ့ . အရင် ကိုယ်လုပ်တုန်းက လဲ တစ်နှစ် ရထားတာပဲ . ခုက သက်တမ်းကုန်သွားလို့ ထပ်လုပ်ရမှာ .

အဲ့ဒါကို လာပြီး နင်က မြန်မာ ဖြစ်နေလို့  Visa ပေးပါ့မလားတဲ့ . စိတ်တိုလိုက်တာနော် . ပြန်ပြောချင်တာ ပါးစပ်ကို ယားနေတာပဲ . မဆန့် ကျင်ကောင်းတဲ့သူမို့ သာ သည်းခံနေရတယ် . ဒါတောင် နဲနဲလေးတော့ ပြောလိုက်သေးတယ် . ဘာလို့ မရရမှာလဲ . ရတာပေါ့လို့  . ငါ အရင် လဲ လုပ်ဖူးတာပဲလို့  .

ဒါကို သူက အရင်က ရတာ . ခုတော့ ရချင်မှ ရမှာ . ဒါပေမယ့် ကိတ်စ မရှိပါဘူး . ငါတို့  company က နာမည်ရှိပြီးသားမို့ ရမှာပါတဲ့ . အော် အော် ဟင်းးး ဖြစ်မှ ဖြစ်ရလေ . ဘယ်သူ့ ကို ဆဲလို့ ဆဲရမှန်း မသိတဲ့ ဘ၀ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပဲ ဆဲလိုက်ပါတယ် . အင်းလေ ကိုယ် လျှာရှည်ပြီး ထွက်လာမို့ လို့ ပေါ့ .
ကိုယ့်ရဲ့ နိုင်ငံတွင်း နေ ဒီလို ဘယ်ဖြစ်မလဲနော် . ဟုတ်တယ် မဟုတ်လား . စိတ်လျှော့ စိတ်လျှော့ .

Saturday 15 March 2008

အောင်မြင်မှု

ကျွန်မ ပျော်ပါတယ် . ကျွန်မ ရှေ့ မှာ ရှိနေတဲ့ လှေကားတစ်ထစ်ကို တက်နိုင်တဲ့ အတွက် ကျွန်မ ပျော်ရွှင်မိပါတယ် .

ရလာလိမ့်မယ် ဆိုတာ သိတယ် ၊ အချိန်ပေးရမယ် ဆိုတာ သိတယ် ၊ ဒါပေမယ့် ကျွန်မ မစောင့်ချင်ခဲ့ဘူး . စောင့်ခဲ့ရတဲ့ ကာလတွေဆီမှာ ကျွန်မ စိတ်ပင်ပန်းမှုတွေနဲ့  ရင်ဆိုင် ကျော်ဖြတ်ခဲ့ရတယ် .

ခုတော့ နောက်ဆုံး ကျွန်မ ပိုင်ဆိုင်နိုင်ပါပြီ . အဲ့ဒီ အတွက် ကျွန်မ ကျေနပ်ပါတယ် . ကျွန်မ ကိုယ် ကျွန်မ ကျေနပ်အားရမှု ဖြစ်မိပါတယ် .

ဒီစာပိုဒ်လေးနဲ့  ကိုယ့်ရဲ့ ပျော်ရွင် ကျေနပ်မှု ကို မှတ်တမ်း တင်ထားပါရစေ .

ချစ်သူ မုန်းသူ

လောကမှာ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ကို ချစ်သူ ရှိနိုင်သလို မုန်းသူလဲ ရှိပါလိမ့်မယ် . ချစ်ခြင်း မုန်းခြင်းဆိုတာ တကယ်တော့ ဖန်တီးယူထားတဲ့ အရာ တစ်ခုပါပဲ .

ကိုယ့်မျက်စိထဲမှာ ကြည့်လို့ ရရင် ဒီလူ့ ကို ချစ်နေနိုင်ပြီး ၊ ကိုယ့်မျက်စိနဲ့  အမြင်မတော်တော့ဘူး ဆိုတာနဲ့ ဒီလူ့  ကို မျက်နှာ မမြင်ချင်လောက်အောင် မုန်းတီးလာမှာ အမှန်ပါပဲ .

ချစ်သူ ပဲ ဖြစ်ဖြစ် ၊ မုန်းသူ ပဲ ဖြစ်ဖြစ် အမှန်တော့ ဒါဟာ စိတ်ကြောင့် ဖြစ်ရတာပါပဲ . စိတ်ကလေးကိုသာ ထားတတ်တယ် ဆိုရင် ချစ်ခြင်း မုန်းခြင်း ဆိုတဲ့ အရာတွေဟာ တသားတည်း ဖြစ်သွားပါလိမ့်မယ် .

ခံစားချက်တို့ ကွန်းခိုရာ အိမ်

ကျွန်မ ဘလော့ခ် လေးကို သော့ခတ် သိမ်းထားမိတာ တော်တော်ကြာသွားခဲ့ပြီ .
ရေးချချင်သော အကြောင်းအရာ များ ရှိသော်လည်း ကျွန်မ မရေးချခဲ့မိပါ . စာရေးချင်စိတ်ပေါ်တဲ့ အချိန်မှာ ကွန်ပြူတာ ရှေ့ မှာ ရှိမနေတာက တမျိုး ၊ ကွန်ပြူတာ ရှေ့ မှာ ရှိနေသော်လည်း ကိုယ်ရေးချင်သော အကြောင်းအရာကို ရေးချလိုက်ဖို့ အဆင်မပြေခြင်းက တဖုံ ကြောင့် ကျွန်မ ရဲ့  နားခိုရာ နေရာလေးကို ကျွန်မ အလည်အပတ် သဘောမျိုးနဲ့ တောင် မရောက်ဖြစ်ခဲ့ဘူး .

တစ်ရက် ကျွန်မ စဉ်းစားမိတယ် . ဒီနေရာလေးဟာ ကျွန်မ ရဲ့ အိမ် ကလေးနဲ့ တူတယ်လို့  . ကျွန်မ တို့ ရဲ့  အိမ်ဆိုတာ မျိုးက ကျွန်မ တို့ ကို နွေးထွေးလုံခြုံမှု ပေးရာ ၊ အေးချမ်းသော အရိပ်အာဝါသ ပေးရာ ၊ အပမ်းဖြေ နားနေဖို့ နေရာ စတဲ့ အချက်တွေနဲ့ ပြည့်စုံတယ် မဟုတ်လား . အကြောင်းမတိုက်ဆိုင်လို့  အိမ်ကို မပြန်ဖြစ်အုံးတော့ ကိုယ် ပြန်နိုင်တဲ့ အချိန်မှာ အဲ့ဒီ အိမ်ဟာ ကျွန်မတို့ ကို နွေးထွေးစွာ ကြိုဆိုပြီး နားနေခွင့် ပေးတဲ့ နေရာလေး တစ်ခု အဖြစ် အမြဲ တည်ရှိနေတတ်ပါတယ် .

ခုလဲ ကျွန်မ ပိုင်ဆိုင်တဲ့ ဒီ တိတ်ဆိတ်စွာ ဆိုတဲ့ ကျွန်မ ရဲ့ အိမ်ကလေးဟာ ကျွန်မကို နွေးထွေးစွာ ကြိုဆိုနေပါတယ် . ကျွန်မ ရဲ့ အောင်မြင်မှု ၊ ရှုံးနိမ့်မှု ၊ ကျွန်မ ဘ၀ ရဲ့  အနိမ့် အမြင့် အားလုံးကို ကျွန်မ ရဲ့  အိမ်ကလေးထဲမှာ ကျွန်မ ကို သိမ်းဆည်းခွင့်ပေးခဲ့တယ် . ကျွန်မ ခံစားရတာတွေ ကျွန်မ ပျော်ရွှင်ရတာတွေ ကျွန်မ လောင်ကျွမ်းခံခဲ့ရတာတွေ ကျွန်မ စိတ်ကြည်လင် ချမ်းမြေ့ခဲ့ရတာတွေ အားလုံးကို အိမ်ကြမ်းပြင်ထက်မှာ သွန်ချခွင့်ပေးခဲ့တယ် .

ကျွန်မ ရဲ့  ဘူမိနတ်သံ ဒီနေရာလေးကို ကျွန်မ ကျေးဇူးတင်ပါတယ် . ကျွန်မ ကို စိတ်ထွက်ပေါက် တစ်ခု ပေးခဲ့တဲ့ အတွက်ပါ .