Saturday 13 December 2008

ချစ်ရပါသော ကိုရွှေသွား ပေးသော သုခ

အိမ်ကလေးထဲကို ပြန်ရောက်ရောက်ချင်း ဒုက္ခ တွေကို ပြောတယ်လို့ တော့ မထင်ပါနဲ့ လေ . စင်ကာပူမှာ သွားဆေးခန်းသွားရခြင်း ရဲ့  အကြောင်းလေးကို ကျွန်မ ရဲ့ မိတ်ဆွေ တွေကို ပြောပြချင်လို့ ပါ .

ကျွန်မ ရဲ့  ဘယ်ဘက် အံဆုံး အောက်သွားက ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်က စလို့ နာလာပါတယ် . အမှန်တော့ သွားက ထွက်နေပြီးသားပါ . အခန့် မသင့်တော့ သွားဖုံးတွေ ယောင်ပြီး နာလာတာပေါ့လေ . ပါးကြီးပါ ဖောင်းတတ်လာပြီး တံတွေးတောင် မြို မကျနိုင်လောက်အောင် နာလာတော့ ကျွန်မ လဲ သွားဆရာဝန်ဆီ ပြေးရတော့တာပေါ့လေ .

ပထမ ကုပ္မဏီ ဆေးခန်း ကို သွားတော့ သွားဆရာဝန်က မရောက်သေးပါတဲ့ . ဆရာဝန် လာဖို့ နောက်ထပ် ၂ နာရီလောက် စောင့်ရအုံးမယ့်အပြင် တခြား appointment လူနာ ရှိတဲ့ အတွက် အနဲဆုံး ၃ နာရီစောင့်ရမယ့် အခြေအနေဆိုတော့ ကျွန်မလဲ ကျွန်မ အိမ်နဲ့  အနီးဆုံး သွားဆေးခန်းကို ပြေးလိုက်တော့တယ် .

ကျွန်မ သွားတဲ့ သွားဆေးခန်း က ဒီမှာဆိုရင်တော့ အစိုးရ ဖက်စပ် ဖြစ်မလား အစိုးရ ဆေးခန်း ဖြစ်မလား မသိဘူး . သေချာတာတော့ ကိုယ်ပိုင် ဆေးခန်း မဟုတ်တာပါပဲ . ဒီနိုင်ငံရဲ့ ထုံးစံ အတိုင်း တန်းတော့ စီရတာပေါ့လေ . လူလွတ်တဲ့ ကြားမှာ ကျွန်မကို ထည့်ပေးတဲ့ အတွက် ဆေးခန်းရောက်ပြီး ၁ နာရီကျော်တော့ ဆရာဝန်နဲ့ တွေ့ ခွင့်ရပါတယ် . ဆရာဝန်က ကျွန်မ သွားကို ကြည့်ပြီး နုတ်ရမယ်လို့ ပြောပါတယ် . သူက အပေါ်သွားရော အောက်သွားရော နုတ်ပစ်လိုက်ပါတဲ့ . ဒါနဲ့ ကျွန်မ က ၂ ချောင်းစလုံးတော့အနုတ်မခံနိုင်ပါ . အောက်သွားပဲ နုတ်ချင်နုတ်ပါ ဆိုတော့ နုတ်ရော ဆိုပါတော့ ..

ထုံဆေးကို တစ်လုံး ( ပထမ နှစ်လုံးလို့ ထင် ) ပဲ ထိုးပေးပြီး နုတ်တဲ့ အချိန်မှာ သူ့ ရဲ့ ဖိအားမဟုတ်ဘဲ နာတဲ့ ဝေဒနာကို ခံစားရလို့  ကျွန်မမှာ မျက်ရည်ပေါက်ပေါက် ကျရပါတယ် . နာတာရော ၊ ၀မ်းနည်းတာရော ပေါင်းပြီးကျွန်မရဲ့ မျက်ရည်က ထိန်းမရနိုင် တားမရ ဆည်းမရ ကျလာပါလေရော . ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်တာ နေမကောင်းဖြစ်တဲ့ အချိန်မှပဲ ကိုယ့်ရဲ့ စိတ်ဟာ ဘယ်လောက်ထိ ပျော့သလဲ ဆိုတာ သိလိုက်ပါတော့တယ် .

ဒါနဲ့ ကျွန်မ မှာ ဆရာဝန်ပေးတဲ့ ဆေးခွင့် ၅ ရက်နဲ့  antibiotic ဆေးတွေ ပိုက်ပြီး အိမ်ပြန်ရောက်တော့ စိတ်ထဲ ထိန်းမရဘဲ အော်ငိုလိုက်ပါသေးတယ် . နဲနဲ နေသာ ထိုင်သာ ရှိမှ ဆေးသောက်ပြီး အိပ်လိုက်တာ ၃ နာရီကျော်လောက် အိပ်ပျော်သွားပြီး နိုးလာတော့ ကျွန်မ ခေါင်းအုံး တစ်ခုလုံး သွေးတွေ ရွှဲနေပါလေရော . ကျွန်မ လဲ လန့် ဖြန့် ပြီး ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ ၊ ပါးစပ်ထဲမှာလဲ သွေးတွေက အထွေးလိုက် ၊ ဆရာဝန်က သွေးကို ထွေးမထုတ်ရဘူးဆိုတော့ ( သွေးမှမဟုတ်ပါ ဘာမှ ထွေးမထုတ်ပါနဲ့ တဲ့ ) မထွေးရဲ ၊ မျိုချဖို့ ကျတော့လဲ စိတ်က မရဲ ၊ ဟိုဟာလို ဒီဟာလို နဲ့ နောက်ဆုံး ဖြစ်ချင်ရာဖြစ် မောင်ဘချစ် နှလုံးမူပြီး စိတ်ကိုလျော့ချလိုက်ပါတယ် .

ဆေးသောက်နေတဲ့ ၄ ရက်ကျော် ၅ ရက်ကတော့ အဆင်ပြေပါရဲ့  . ဆေးလဲကုန်ရော ချုပ်ရိုးမဖြည်ခင် စပ်ကြား သွားဖုံးပြန်ယောင်သလို ခံစားရပြီး သွားကိုက်တဲ့ ဝေဒနာကိုပါ ခံစားရပါတယ် . ဒါနဲ့  ချုပ်ရိုးဖြည်တဲ့ နေ့ ရောက်တော့ ဆရာဝန်ကို ပြော ဓါတ်မှန်ပြန်ရိုက်ပြီး ကြည့်တော့ သွားဖုံးက ပြန်မစေ့ပဲ ဟနေတာကို တွေ့ ရပါတယ် . ( ဒါတောင် ပထမ ဆရာဝန်က ကောင်းတယ် ချည်း ပြောလွှတ်နေတာ )

ဒါနဲ့ ဆရာဝန်က သွားဖုံးကို ပြန်လှန်ပြီး အထဲမှာ ဘာရှိလဲ ကြည့်ရပါမယ်တဲ့ . သူ့ စကားအဆုံးမှာ ကျွန်မ ရဲ့  မျက်လုံးဟာ ပြူးထွက်ပြီး မျက်နှာက ဖြူဖတ်ဖြူလျော် ဖြစ်သွားမယ် ဆိုတာ မှန်မကြည့်ဘဲ ကိုယ့်ဟာကိုယ် သိနေပါတယ် . ဆရာဝန်က no choice must do ချည်းပဲ ပြောနေတော့ ကျွန်မလဲ ကြောက်ကြောက် နဲ့  ရှုံမဲ့ ရှုံမဲ့ ရုပ်နဲ့ ပဲ ထုံဆေး ထပ်ထိုးခံရတော့တာပေါ့ . ( ဒီတစ်ခါတော့ ကျွန်မ က နာတယ်လို့  ပြောလို့ လားမသိဘူး သူက ထုံဆေး ၂ လုံး ထိုးပေးပါတယ် )

နောက် သွားဖုံးကို ပြန်ခွဲပြီး အထဲက အရိုးကို ထုတ်တယ်လို့ ဆိုပါတယ် . ပြီးတော့ ဆေးတွေ ထပ်ပေးပြီး နောက်တစ်ပတ် ချုပ်ရိုးပြန်ကြည့်မယ် ဆိုပြီး အိမ်ပြန်လာခဲ့ပါတယ် . စိတ်ထဲမှာတော့ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲလို့ မှတ်ယူပြီး အိပဲ့ အိပဲ့ နဲ့ ပေါ့လေ .

အရှေ့ အပတ်က သွားနာလို့  မစားနိုင်တဲ့ဒဏ် ၊ ဆေးဒဏ် ၊ အခု ထပ်ပြီး မစားနိုင်တဲ့ ဒဏ်တွေကြောင့် ကျွန်မရဲ့  အစာအိမ်ရောဂါဟောင်းကလဲ ပြန်ပေါ်လာပြီး ကျွန်မမှာ သွားနာတဲ့ ဝေဒနာ အပြင် အစာအိမ် အောင့်တဲ့ ဝေဒနာကို ခံစားရပါတယ် . တစ်ပတ်တိတိ ထပ်မံ ဆန်ပြုတ်သောက်ပြီးချိန်မှာတော့ မနေ့ က သွားချုပ်ရိုးကို အောင်မြင်စွာနဲ့ ကောင်းမွန်စွာ ဖြည်နိုင်ခဲ့ပါတယ် .

ဒါတောင် လူက သိပ်ပါးစပ်ဟလို့ မရသေးပါဘူး . သွားဖုံးကတော့ နောက်ထပ် ၃ လလောက်နေရင် အသားပြည့်မယ် ပြောပါတယ် .

လူလဲ အဲ့ဒီ နေမကောင်းတဲ့ အချိန်တွေ အတွင်းက ဘုရား တရား တော်တော် မြဲသွားခဲ့ပါတယ် . ( ကြောက်ကြောက်နဲ့ ဘုရားကြီး ထိုင်ရှိခိုးနေတာလေ ဟီးဟီး )

လုပ်ဖော်ကိုင်ဖက် စလုံး များကတော့ အစိုးရ ဆေးခန်း သွားလို့ လို့ ဆိုပါတယ် . ကျောင်းပြီးခါစ ဆရာဝန်ပေါက်စ များက အစိုးရဆေးခန်းများတွင် ထိုင်တတ်ကြောင်း ၊ နောက်တစ်ခါဆိုရင် ဆရာဝန်ကို အရင်ကြည့်ပြီးမှ လုပ်သင့်ကြောင်း ၊ ဆေးရုံ ဆေးခန်း ဆိုလျှင်လဲ NUH နှင့် SCH ဆိုလျှင် SCH က ပိုကောင်းကြောင်း စသည့် စသည့် များကို သင်ယူလိုက်ရပါတယ် .

ကျွန်မ ၏ ဒီဇင်ဘာအစ ကတော့ ပိုက်ဆံကုန် ၊ လူပန်း ၊ စိတ်ဆင်းရဲ ရသော အချိန်များ ဖြစ်သွားသည်ပေါ့ . ကျန်တဲ့ နှစ်ပတ်တော့ ပျော်စရာကောင်းမယ် မျှော်လင့်ရတာပဲ . ပျော်ကို ပျော်ရမှာပါနော် . ဟဲဟဲ . ကိုယ်ထင် ကုတင် ခြေလေးချောင်းပေါ့ .

ကျွန်မ ရဲ့  သူငယ်ချင်းတွေက ကျွန်မ ကို သွား ကို ပြန်တောင်းမလာလို့  ၀ိုင်း ပြောနေကြတယ်လေ . အဲ့ဒီ သွားကို ရွှေချထားပြီး သိမ်းထားရမှာတဲ့ . အမှတ်တရ ပေါ့တဲ့ . ကျွန်မ အတွက်ကတော့ မသိမ်းထားလဲဘဲ တကယ်ကို အမှတ်တရ ပါပဲ. ဘယ်တော့မှ မေ့နိုင်လိမ့်မယ် မဟုတ်ဘူး .

4 comments:

Anonymous said...

ခုတော့ စားနိုင်သောက်နိုင်သွားပြီပေါ့ ... ဟုတ်လား ...
ဒီပို့စ်ကို အစအဆုံးဖတ်သွားတယ်နော် ...း)

တေမိလေး said...

ဟုတ်ပ မရယ် . စားလွန်းလို့  ကိုယ့်ဟာကိုယ် ပြန် ဘရိတ်အုပ်နေရတယ် .

Unknown said...

အမရေကျနော်အံဆုံးပေါက်နေလို့ အရမ်းခံနေရလို့ ရှာလိုက်တာ
အမစာကို အစဆုံးဖတ်သွားတယ်နော်

Unknown said...

ကျနော်လည်း ဆားတွေငုံပြီးဖတ်နေတာ