Tuesday 23 December 2008

ကျွန်မ ချစ်သော ဒီဇင်ဘာ အမှတ်စဉ် ၃



အေးလွန်းလို့  ခိုက်ခိုက်တုန်ပြီး လူက မေး တဂက်ဂက် ရိုက်နေတာတောင် ကျွန်မ တည်းခိုဆောင်ထဲ ပြန်ဝင်သွားဖို့  စိတ်မကူးမိဘူး . ကျွန်မ ရဲ့ ဘေးပတ်လည်မှာ ၀န်းရံနေတဲ့ ကြယ်တွေကို ရေတွက်ရင်း ဒီလို လှပတဲ့ ညလေးကို ကုန်ဆုံးချင်တယ်.

တကယ်ပါ . ဒီလို လှပတဲ့ ကြယ်လေးတွေကို တစ်ခါမှ နီးနီးကပ်ကပ် ကျွန်မ ဘ၀မှာ မမြင်ခဲ့ဖူးဘူး . ဒီ အခွင့်အရေးကို ပေးခဲ့တဲ့ ကျွန်မ ရဲ့ ဆရာကို သိပ်ကျေးဇူးတင်တာပဲ . ဟုတ်တယ်လေ ဆရာခေါ်လို့ သာ ကျွန်မ ဒီကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်ကို သူငယ်ချင်းတွေနဲ့ တူတူ လာခွင့်ရခဲ့တာပေါ့ . ဆရာကသာ အာမခံပြီး အိမ်ကို ပြောမပေးဘူးဆိုရင် ကျွန်မ ဒီခရီးကို လိုက်ပါခွင့်ရမှာ မဟုတ်ဘူး .

အမှန်အတိုင်းပြောရရင် ကျွန်မ လိုက်ရမှာ မ၀ံ့ဘူး ဖြစ်နေခဲ့တယ် . ကျွန်မ သူငယ်ချင်းတွေ ဆိုပေမယ့် သူတို့ နဲ့ ကျွန်မနဲ့ က အတန်းတူတူတွေမဟုတ်ဘူး . အတန်းတူ သူငယ်ချင်းတစ်ယောက်က လွဲရင်ကျန်တာတွေက တခြားသင်တန်းကျောင်းက သူတွေချည်းပဲ . တခါမှာ မတွေ့ ဖူးဘဲ ဒါ ပထမဦးဆုံး အကြိမ်မို့ ကျွန်မစိတ်ထဲရွံ့ နေတာလဲ ပါတာပေါ့နော် . အဆင်ပြေပါ့မလား ဆိုတဲ့ စိတ်ကလေးက လဲ ရှိနေတယ် . ဒါပေမယ့် ကျိုက်ထီးရိုး ဘုရားကို တစ်ခါမှ မဖူးဘူးတာရယ် ၊ ဆရာကလဲ ခေါ်တာရယ်ကြောင့် ကျွန်မ ဒီခရီးကို လိုက်လာဖြစ်ခဲ့တာ .

ခုတော့ တန်ခိုးကြီး ဘုရားလဲ ဖူးခွင့်ရတယ် ၊ ကိုယ်မသိတဲ့ လူတွေနဲ့ လဲ ခင်မင်ခွင့်ရပြီး သူငယ်ချင်း အသစ်တွေရတယ် ၊ နောက် ဟောဒီလို မှောင်မိုက်တဲ့ ကောင်းကင်ကြီးမှာ သိပ်ကို လှပပြီး လင်းလက် တောက်ပတဲ့ ကြယ်တွေ ရှိနေတယ် ဆိုတာကို သိခွင့်ရတဲ့ အတွက် ဆရာ့ကို အရမ်းပဲ ကျေးဇူးတင်မိတယ် .

ကျွန်မ သိနေတယ် .ကြယ်လေးတွေဟာ ကျွန်မနဲ့ တူတူ ကျွန်မ ဘေးမှာ အဖော်လုပ်ပေးနေတယ်လို့ ခံစားနေရတယ် . ကျွန်မ စိတ်ထဲမှာရှိတဲ့ အထီးကျန်မှု ဆိုတာဟာ အဲ့ဒီ အချိန်မှာ ဘယ်ချောင်မှာ သွားပုန်းနေတယ် မသိပါဘူး . သူ့ ကို ကြည့်ရတာ ကျွန်မ ကို အနိုင်ကျင့်ဖို့ ထက် သူ လုံခြုံရာမှာ ရှိနေဖို့ ပိုပြီး အရေးကြီးနေပုံပေါ်ပါတယ် . ယောင်လို့ တောင် ခေါင်းမပြူလာဘူးလေ .

ကျွန်မကတော့ ဒီညကို ကျွန်မချစ်တဲ့ ကြယ်လေးတွေနဲ့  စိတ်ရွှင်လန်း ချမ်းမြေ့စွာ ဖြတ်ကျော်ရင်း .............

(၁၉၉၆ အမှတ်တရ ဒီဇင်ဘာ ညသို့ လွမ်းဆွတ်စွာ )

2 comments:

ကြယ်ပြာ said...

ဖတ်ရင်းနဲ့ အစ်မလဲ လွမ်းလာတယ် ... အစ်မက ဆွမ်းဦးပုညရှင်မှာ ကြယ်ကြည့်ဖူးတယ် ...

Anonymous said...

အမက ဘာကို လွမ်းတာလဲ . တစ်ခုထဲ မဟုတ်ဘူး ထင်တယ်နော် . :P