Friday 6 April 2007

ချစ်သူသို့ ...

ချစ်သူရေ ..

နယ်နိမိတ် မျဉ်းတွေ ကိုယ်တို့နှစ်ယောက်ကြားကို ရောက်မလာစေချင်ဘူး . ဒါပေမယ့် ကိုယ်ဟာ တားဆီးတတ်သူ မဟုတ်ပါ .

မင်းကို အကောင်းဆုံး ဖြစ်စေချင်တာ၊ အကောင်းတွေချည်း ပိုင်ဆိုင်စေချင်တာ ကိုယ့်စေတနာပါ . နားလည်ပေးပါလို့ မတောင်းဆိုချင်ပေမယ့် နားမလည်ပေးနိုင်ခြင်းအတွက် ကိုယ် စိတ်မကောင်းဘူး .

မင်း ကိုယ့်ဘေးနားမှာ ရှိနေခြင်းဟာ လုံခြုံမှုတစ်ခု ဖြစ်တယ် ဆိုတာ မင်း သိအောင် ကိုယ် မပြောပြတတ်ဘူး . မင်းသိပါစေလို့ တိတ်တိတ်သာ ဆုတောင်းမိတယ် .

မင်း နေလိုရင် နေနိုင်ပြီး မင်း သွားလိုရင် သွားနိုင်တယ် ဆိုတာ စကားတစ်ခု မဟုတ်ပါဘူး . မင်းကို စိတ်ချမ်းသာစေချင်တဲ့ ကိုယ့်ရဲ့ ပေးဆပ်ချင်မှု သက်သက်သာ ဖြစ်ကြောင်း မင်း လက်ခံပေးပါ .

အချစ်ဆိုတာ ကိုယ့်အတွက်တော့ အချစ် ပါပဲ . မင်းအပေါ်မှာ လွှမ်းမိုးလိုစိတ် မဟုတ်ရပါဘူး . မင်းရဲ့ အထင်လွဲမှားမှုတွေ အတွက်တော့ ကိုယ် ရှင်းမပြတတ်ပါ .

မင်း နားလည်နိုင်ပါစေလို့ ကိုယ် မင်းရဲ့ ဘုရားဆီမှာ ဆုတောင်းပါတယ် . ကျေးဇူးပြုပြီး ကိုယ့်အပေါ် မနာကြည်းပါနဲ့ . မင်းမုန်းမှာ ကိုယ် ကြောက်လို့ပါ .