Friday 6 March 2009

ကျောင်းတက်ချိန်

အရိုးရဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ပြီးတဲ့ ခဏ မှာ ကျွန်မရဲ့ စိတ်အစဉ်ဟာလည်း လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလဆီသို့ ရောက်ရှိသွားခဲ့တယ် .

အဲ့ဒီတုန်းက ကျွန်မဟာ ပွင့်သစ်စ ပန်းကလေးလိုပါပဲ . ဥယျာဉ်မှူး ဖေဖေ မေမေ တို့ ရဲ့ ရေလောင်းပေါင်းသင်ပေးမှု နဲ့ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းကလေးဟာ အဖူးအငုံ ဘ၀ကနေပြီး ခုတော့ ပန်းကလေး တစ်ပွင့်အဖြစ်နဲ့ လှပသော ပန်းကလေးတွေအများကြီး ရှိရာ ပန်းခြံကြီးတစ်ခုထဲ ရောက်သွားခဲ့ပါတယ် .

တကယ်တော့ လူငယ်တစ်ယောက်အတွက် တက္ကသိုလ် နေ့ ရက်တွေ ဆိုတာ အရမ်းကိုပျော်စရာကောင်းပါတယ် . ကျွန်မက ရိုးရိုးမေဂျာကိုပဲ တက်ခဲ့ရသူဆိုတော့ ကျွန်မအတွက် စာကျက်ရတဲ့အလုပ်ဟာ အထက်တန်းကျောင်းကစာကို ကျက်ရတာလောက်တောင် မပင်ပန်းပါဘူး . နောက်ပြီး တချို့ ဘာသာတွေဆိုရင် ကျက်စရာမလိုဘဲ အကြောင်းအရာ သဘောတရားကိုနားလည်အောင်မှတ်သားပြီး ကိုယ့်နားလည်သလိုပြန်ချရေးလို့ ရတဲ့အတွက်ပိုလို့ တောင် စာ မပိပါသေးတယ် .

မိုးလင်းရင် ကျောင်းဝတ်စုံ မဟုတ်ဘဲ ကိုယ်ဝတ်ချင်ရာ အမြင်တင့်တယ်သော အ၀တ်အစားမျိုးကို ၀တ်သွားလို့ ရတာကလည်း စိတ်ကို အပြောင်းအလဲ တစ်ခုဖြစ်စေပါတယ် .

ကျောင်းမှာ သူငယ်ချင်းတွေစုမိရင် အတန်းတက် ၊ မတက်ချင်ရင် ကန်တင်းသွား ၊ မသွားချင်ရင် ကျောင်းပတ် ၊ မပတ်ချင်ရင် အေးအေးလူလူ ထိုင်ပြီး စာတိုင်ပင် တခါတလေတော့လည်း ရောက်တတ်ရာရာ ပေါက်ကရ ရှစ်သောင်း အစားအသောက်အကြောင်းလဲ ပါရဲ့ ၊ အ၀တ်အစား အကြောင်းလဲ ပါရဲ့ ၊ မင်းသား မင်းသမီး အကြောင်းလဲ ပါရဲ့  ၊ သရဲ ဗေဒင် သတင်း အတင်း အစုံပလုံ ပါးစပ်က အမြုပ်ထွက်မတတ် လုပြီး ပြောရတာလဲ အရမ်းကို ပျော်စရာကောင်းတဲ့ အချိန်လေးတွေပါပဲ . အဲ့ဒီလိုမှ အားမရသေးရင် ကျောင်းနဲ့ အနီးဆုံး သူငယ်ချင်း အိမ်ကိုသွားပြီး ကြာဇံချက် ၊ ကြေးအိုး ၊ ဆီချက် ၊ ကော်ရည်ခေါက်ဆွဲ တစ်ခု မဟုတ် တစ်ခု ချက်စားပြီး စာမလုပ်ဘဲ အခန်းအောင်း ဟေးလေးဝါးလား လုပ်နေရင်လဲ လူကြီးတွေက မဆူကြပါဘူး . အချိန်တန်လို့ အတန်းတက်ရင်ပြီးရောဆိုပြီး လွှတ်ထားပေးတာပဲ .

တခါတလေ အခြားမေဂျာက ကိုယ့်ကိုလာရစ်တဲ့ ကောင်လေးတွေကို မသိချင်ယောင်ဆောင် ပဲပေး အတန်းထဲ လက်ချာ လိုက်နေချင်ယောင်ဆောင်ရတာလဲ အခုအချိန်မှာ ပြန်တွေးရင် တော်တော် ရီစရာကောင်းပါတယ် . ကန်တင်းတကာ လိုက်ထိုင် ကောင်လေးတွေက ကြောင်ရင် ကိုယ့်မေဂျာအမှန်ကို မပြောဘဲ အကြောင်ရိုက် ၊ သူတို့ က ကန်တင်းအပြန်နောက်ကလိုက်လာရင် ကိုယ့်ပါးစပ်က ထွက်ချင်ရာ ထွက်ထားတဲ့ မေဂျာနဲ့ ကိုယ့်အဆောင်နဲ့ က တမျှော်တခေါ် . အဲ့ဒီတော့မှ ဂွတွေကျပြီး တချို့ ကိုလဲ ရုပ်တည်ကြီးတွေနဲ့ ဟောက်စားလုပ် ၊ တချို့ ကိုလည်း လူစု ခွဲပြီး မျက်လှည့်ပြ ၊ ဟိုက လည်ရင်တော့ မရဘူးပေါ့လေ . အူကြောင်ကြောင်ပုံစံလေး ဆိုရင်တော့ သေဖို့ သာပြင် ကိုယ်တွေက အုပ်စုကတောင့်တော့ အရူးလုပ်တော့တာပဲ .

ပြီးတော့ ကျွန်မ တို့ အုပ်စုက ဗရုတ်တွေချည်းပဲ ဆိုတော့ တစ်ယောက်တစ်မျိုးစီရယ် . ရည်းစား နှစ်ယောက် တပြိုင်တည်း ထားတဲ့ တစ်ယောက်ဆိုရင် နှစ်ယောက်ကို တစ်ရက်တည်း တစ်ချိန်တည်း ချိန်းမိလို့  ဟိုဘက်လှေကားထိပ်နဲ့  ဒီဘက်လှေကားထိပ်ကို ပြေးပြီး စကားပြောတယ် . ကျွန်မတို့ တွေက သူ့ အစား ဘုရားလည်း တမိရဲ့  ၊ စိတ်လည်း တိုပြီးသူ့ ကို ရိုက်ချင်ကြတယ် . သူ ကတော့ ခပ်တည်တည် မှင်သေသေ နဲ့  တစ်စိမှ ရုပ်မပျက်ဘူး .

တခါလည်း အတန်းမတက်ချင်တော့ ဆရာမလာခင် လစ်မယ်ဆိုပြီး ဆရာက ဒီဘက်လှေကားက လာမှာဆိုးလို့ ဟိုဘက်လှေကားထိ လျှောက်လိုက်ပါမယ်လေဆိုပြီး ဟိုဘက်ထိပ် လျှောက်တော့ တစ်ခန်းမှာ ပါချုပ် စာသင်နေတာ တွေ့ တာနဲ့ ကျော်မသွားရဲဘဲ အဲ့ဒီ အတန်းထဲ ကုပ်ချောင်းချောင်းနဲ့ ဝင် ၊ ခပ်တည်တည်နဲ့ လက်ချာ လိုက်ချင်ယောင်ဆောင်ကြတယ် . ခုပြန်စဉ်းစားကြည့်တော့ ကျော်သွားလည်း ရပါရဲ့ နဲ့ ပါချုပ်တော့ အသေကြောက်လို့ ကိုယ့်ကိုယ်ကို တွေးမိပြီး အသံထွက် ရီမိတယ် .

မိုင်နာသင်တဲ့ ဆရာမ တစ်ယောက်ဆို ကိုယ်တွေကို လက်လန်လို့  . အပျိုကြီး ဆရာမ ဆိုတော့ မျက်စိ စပါးမွှေးကလဲစူး ၊ ဒါပေမယ့် သူ့ မှာ ကိုယ်တွေကို ချစ်ကလဲ ချစ်ပြန် လက်ညိုးလေး တထောင်ထောင်နဲ့ နင်တို့ တွေ နင်တို့ တွေနော် ဆိုတိုင်း ကျွန်မ တို့ က တီချယ်ကလဲ ဆိုပြီး လက်ကိုဆွဲသူက ဆွဲ ၊ ခါးကို ဖက်သူကဖက် ၊ မွှေးမွှေးပေးသူကပေး ဆရာမ ဘာဆက်ပြောရမှန်းမသိအောင် တစ်အုပ်စုလုံး အနားဝိုင်းပြီး တီတီတာတာ လုပ်ကြတော့ တီချယ်မှာ ဘာမှ မပြောနိုင်ဘူး . ကျွန်မ တို့  မဟုတ်တာ လုပ်သမျှ သူ့ မှာ ထိုင်ကြည့်နေရတယ် .

ကျောင်းပြီးလို့  ဘွဲ့ ယူကြတဲ့ အချိန်မှာ သူငယ်ချင်းတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဟယ် နင်မျက်နှာကြီးက ဘယ်လို ၊ ခရမ်းချဉ်သီးလုံးကြီးနင့်ပါးပေါ် တင်လာတာလား ၊ အမယ် အမယ် မိန်းမ က မိန်းမ က ဆိုပြီး ထုံးစံ အတိုင်း နောက်ပြောင်နေကြပေမယ့် ကိုယ်စီရင်ထဲမှာတော့ ငါတို့ တွေ ဒါပြီးရင် ကိုယ်စီ လုပ်ငန်းခွင်ဝင်ကြရတော့မယ် . ဘယ်အချိန်ကြမှ ပြန်တွေ့ နိုင်မယ်မသိဘူး ဆိုပြီး ၀မ်းနည်းနေမိကြတယ် .

တကယ်ကိုပါပဲ. ဘွဲ့ ယူပြီးကတည်းက ကျွန်မတို့ တွေ တချို့ လဲ မိသားစု တွေ ရ ၊ တချို့ လဲ အလုပ်နဲ့  နယ်ရောက် ၊ ကျွန်မ အပါအ၀င် တချို့ တွေက ပြည်ပမှာ ၊ အားလုံးဟာ ကိုယ်စီ ကိုယ်စီ ကိုယ့်တာဝန်တွေ နဲ့ ကိုယ် ပိပြီး သူငယ်ချင်းတွေ အရင်လို မတွေ့ နိုင်ကြဘူး . ဒါပေမယ့် သူတို့ အားလုံးလဲ ကျွန်မလိုပဲ ဟိုအရင် ကျောင်းတက်ချိန်ကို လွမ်းနေအုံးမယ်လို့  ယုံကြည်နေမိပါတယ် .

2 comments:

Anonymous said...

ဖတ်လို့ကောင်းလိုက်တာ ... ဖတ်ရင်းနဲ့လွမ်းသွားပါတယ် ... အဲ့လိုအချိန်လေးတွေပြန်ရဖို့ ကမလွယ်တော့ဘူးနော် ...

Unknown said...

ဟုတ်တယ် မ . ခုချိန်မှာ ကျောင်းပြန်တက်ခဲ့ရင်တောင် အဲ့ဒီ အသက်အရွယ်က ခံစားမှုမျိုး ဟုတ်ချင်မှ ဟုတ်တော့မှာ .