Sunday 1 February 2009

ကျွန်မ တို့  အစာအိမ် အတွက် မနက်စာ

မနက်စာ စားခြင်းဟာ ကိုယ့်ရဲ့ အစာအိမ် ကို ဂရုစိုက်ခြင်း တမျိုး ဟု ကျွန်မ မြင်ပါတယ် .

အရင်က ကျွန်မ က မနက်စာ ဆိုရင် အဖတ်မစားဘဲ ကော်ဖီ တစ်ခွက်သောက်လိုက်ပြီး နေ့ ခင်း ထမင်းစားချိန်ကျမှ ထမင်းစားတတ်သူ တစ်ဦးပါ . ဒါပေမယ့် နောက်ပိုင်း ထမင်းစားချိန်တွေ နောက်ကျပြီး အစာအိမ် ဝေဒနာ ရလာတဲ့ အခါမှာ ဆရာဝန်မ က မနက်စာ စားပေးပါဟု ညွှန်ကြားချက်အတိုင်း ကျင့်ပြီး မနက်စာ စားခဲ့ပါတယ် .

စ စားစားချင်းမှာတော့ လူက ပျို့ ချင်သလို ၊ အန်ချင်သလို ဖြစ်ပါတယ် . နောက်ပိုင်း အကျင့်ရသွားတော့ မနက်စာ မစားရင် လူက ဗိုက်ဆာ ရင်တုန်ပြီး နေလို့ ထိုင်လို့ မကောင်းသလိုကို ဖြစ်လာပါတော့တယ် .

အမှန်တော့ မနက်စောစော မနက်စာ ပေါင်မုန့်  ဖြစ်ဖြစ် ၊ ကျွန်မတို့  အကြိုက် မုန့် ဟင်းခါး ၊ ကောက်ညှင်းပေါင်း တစ်ခုခု စားပေးလိုက်တာဟာ အထက်ကို ဆန်တက်လာတဲ့ ကိုယ်တွင်းမှာ ရှိတဲ့ လေကို အစာနဲ့ ဖိချလိုက်တဲ့ အတွက် လေအန်တာတို့ ၊ လေပျို့ တာတို့  ခုနောက်ပိုင်း မဖြစ်တော့သလောက် ရှားသွားတာကို ကျွန်မ သတိထားမိပါတယ် .

ဒီရောက်တော့ မနက်စာ မုန့် ဟင်းခါး ဘာညာ ၀ယ်ရခက်ပြီး ထမင်းကြော်လဲ ကျွန်မ က ပဲပြုတ်မပါရင် မကြိုက်တဲ့ အတွက် ညကကျန်အောင် ချက်ထားတဲ့ ထမင်းကြမ်းကို နွေး ပြီးရင် ဆီ ၊ ဆား အနည်းငယ်ထည့် နယ်ပြီး အပေါ်မှာမြေပဲလေး ဖြူးစားလိုက်တာပါပဲ . အများကြီး စားတာမျိုးလဲ မဟုတ်ပါဘူး . ပန်းကန်လုံးလေး တစ်လုံးစာ လောက် လုပ်ပြီး စားလိုက်တာပါ . ပြီးတော့မှ ကိုယ်လုပ်စရာ ရှိတဲ့ အိမ်မှု ကိစ္စ ၊ မီးဖိုချောင် ကိစ္စတွေကို ဆက်လုပ်ပါတယ် .

သူငယ်ချင်း တို့ လဲ မနက်စာ စားကျင့် မရှိရင် ကျင့်ပြီး မနက်စာလေး စား စားပေးဖို့ အကြံပေးချင်ပါတယ် ရှင် .

No comments: